ဗန်းမော်မြို့ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို KIA ပူးပေါင်းတပ်များ သိမ်း

ဗန်းမော်မြို့ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို KIA ပူးပေါင်းတပ်များ သိမ်း

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု KIA စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဗန်းမော်မြို့ရှိ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ- ၂၁) လက်အောက်မှ အမှတ်(၅၀၁၄)တင့်ကားတပ်ကို လွန်ခဲ့သည့်နှစ်ရက်ခန့်ကပင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို သိမ်းနိုင်တာ (၂)ရက်၊ (၃)ရက်ရှိပါပြီ။ လေကြောင်းရန် လုံခြုံရေးအရ နောက်ကျမှပြောတာပါ။ လက်ရှိတော့ အပင်ရင်း ခုတ်နေတယ်။”ဟု KIA စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။

၎င်းပြောသည့် အပင်ရင်းဆိုသည်မှာ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ- ၂၁)ဖြစ်ပြီး အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)နှင့် KIA တို့က ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

ဗန်းမော်မြို့က အမှတ် (၅၀၁၄)တင့်ကားတပ်ရင်းကို သိမ်းပိုက်မှုဖြစ်စဉ်အသေးစိတ်ကိုမူ KIAဘက်က အတိတကျပြောဆိုလိုခြင်းမရှိသေးပါ။

KIA ပူးပေါင်းတပ်များသည် အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်းကိုလည်း ဇန်နဝါရီလ(၂၄)ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် အမှတ်(၃၆၆)အမြောက်တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့သည်။

အမှတ်(၃၆၆)အမြောက်တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် အမှတ်(၂၃၆)အမြောက်တပ်တပ်စခန်းနှင့် စကစ(၂၁)တို့တွင် ပူးပေါင်းနေသည်ဟုလည်း သိရသည်။

ထို့‌ကြောင့် ဖေဖော်ဝါရီလ (၅)ရက်နေ့ကစတင်၍ အမှတ်(၂၃၆)အမြောက်တပ်စခန်းနှင့် စကစ(၂၁)တပ်စခန်းတို့ ကို KIA ပူးပေါင်းတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေရာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြု၍ အပြင်းအထန်ခုခံနေသည်ဟု သိရသည်။ 

ထို့အပြင် ‌တပ်မ(၈၈)တပ်စွဲထားသော ဗန်းမော်တက္ကသိုလ်နှင့် ခလရ(၄၇)တပ်စခန်းတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

“စကခ ၂၁၊ ခလရ ၄၇၊ မဆရ ၁၁၊ စအရ ၉၁၄၊ ထပရ ၉၃၃ တွေကျန်သေးတယ်။ ၂၁ ကတော့ အရင်းခုတ် နေတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၄)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ နှစ်လကျော်ကြာပြီဖြစ်သည်။

ဗန်းမော်မြို့တွင် အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁)လက်အောက်တွင် ခြေလျင်တပ်ရင်းများ ဖြစ်သော ခလရ (၂၃၆)၊ ခလရ(၄၇)၊ အမြောက်တပ် အမတ(၃၃၆)၊ အမတ(၃၀၄)၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄)တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း(၅)ရင်းခန့်ဖြင့် အခြေစိုက်ထားသည်။

KIA သည် ကချင်ပြည်နယ်ထိုးစစ်အတွင်း ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်း ယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့အပြင် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကိုပါ သိမ်းပိုက်ထားသည်။

#TachileikNewsAgency

Photo:၂၀၂၅ခုနှစ် ဇန်နဝါရီလက မံစီမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)