ရခိုင်တိုက်ပွဲတွင် သေဆုံးပြီးမှ ဗိုလ်မှူးကြီးနှစ်ဦးကို စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ရာထူးနှင့် ဗိုလ်မှူးချုပ်ရာထူးများကို တိုးမြှင့်ကာ သူရဲကောင်းဘွဲ့ပေးအပ်သည့်အကြောင်း ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။
စစ်ခေါင်းဆောင်သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့)အား အရာရှိ(၉)ဦးကိုပေးရာ ထိုအထဲတွင် ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ ပါဝင်လာခြင်းဖြစ်သည်။
မောင်တောမြို့၏ နောက်ဆုံးကျန် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(၅)ကို AA က တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ချုပ် အောင်နေမျိုးမှာ လက်နက်ချအညံ့မခံဘဲ ရွှေထည်များနှင့် ငွေကျပ်သိန်း (၈၀၀)တို့အား ယူဆောင်ထွက်ပြေးသွားသည်။
ထို့နောက် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ၎င်းအား ငွေကျပ်သိန်း(၈၀၀)၊ ရွှေထည်များနှင့်အတူ ဒေသခံ မွတ်ဆလင်များ၏ အကူအညီများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးရန်ကြိုးပမ်းစဉ် ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းမိ၍ သေဆုံးနေသည်ကို တွေ့ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်ရာထူးတိုးမြှင့်ခံရသည့် အောင်နေမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ်(၄၁)ကျောင်းဆင်းဖြစ်ပြီး ကရင်ပြည်နယ်ရှိ တပ်ရင်း(၂၂)၏ တပ်မမှူးမှ မောင်တောမြို့ နယ်ခြားစောင့် တပ်ဖွဲ့ခွဲ(၅)သို့ ပြောင်းရွှေ့လာသူဖြစ်သည်။
ဗိုလ်မှူးချုပ် ထွန်းထွန်းဝင်းသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် AA က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူဖြစ်သည်။
သူသည် အမ်းမြို့နယ် အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀)မှ ဆေးတပ်မှူးဖြစ်သည်ဟုလည်း သိရသည်။
#TachileikNewsAgency
#TNA_MAT