မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ဒဟတ္တန်းကျေးရွာသို့ အလှူသွားသည့် မန္တလေးမြို့မှ သားအမိနှစ်ဦး မိတ္ထီလာမြို့တွင် ပျောက်နေ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ တိုင်ကြားထားပြီး (၄)လဝန်းကျင်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးဘဲ မိသားစုက လိုက်လံ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင်နေထိုင်သည့် ကိုဝေလင်းထွန်းသည် ဇနီးဖြစ်သူ အသက် (၃၃)နှစ်ဝန်းကျင်ရှိ မမာလာနွယ်နှင့် သမီးဖြစ်သူ အသက် (၃)နှစ်ဝန်းကျင်အရွယ် မရွှန်းပပအောင်တို့ကို မလှိုင်မြို့နယ် ဒဟတ္တန်းရွာရှိ အလှူသို့သွားရန် ၂၀၂၃ ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် မိတ္ထီလာသို့ ကားဖြင့်လိုက်လံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသားအမိနှစ်ဦးသည် ယင်းနေ့မှာပင် မိတ္ထီလာမှနေ၍ ဒဟတ္တန်းသို့သွားသည့် လိုင်းကားဖြင့် လိုက်ပါသွားကြပြီးနောက် မတ်လ (၁၇)ရက်နေ့၌ မိတ္ထီလာသို့ လာကြိုရန်ပြောသဖြင့် သွားကြိုရာ ဇနီးဖြစ်သူနှင့်သမီးကို ဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
မမာလာနွယ်သည် မတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ခင်ပွန်းဖြစ်သူအား မိတ္ထီလာမြို့ရှိ ဒဟတ္တန်းကားဂိတ်သို့ လာကြိုပေးရန် ဖုန်းပြောနေရင်း ရုတ်တရက် ဖုန်းစက်ပိတ်သွားကာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူအပြင် ကျေးရွာရှိမိသားစုများဖြင့်ပါ အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါသားအမိနှစ်ဦးပျောက်ဆုံးမှုကို ခင်ပွန်းဖြစ်သူက သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ သတင်းပို့တိုင်ကြားထားပြီး လိုက်လံရှာဖွေနေသော်လည်း ယ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့အထိ အဆက်အသွယ်မရဘဲဖြစ်နေ၍ တွေ့ရှိပါက ဖုန်း ၀၉ ၈၉၇၂၉၇၇၇၉ သို့ ဆက်သွယ်ပေးကြပါရန် အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။