ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း မကြာခဏပြောဆိုနေသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြောဆိုသည်။
“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း” စစ်ခေါင်းဆောင်က ပြောဆိုသည်။
နေပြည်တောင်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က ပြုလုပ်သည့် စစ်ခေါင်းဆောင်နှင့် ၎င်း၏ ဝန်ကြီးများအဖွဲ့တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများမှ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော်(၃)ရပ်အတွက် ရွေးကောက် တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ပြောသည်။
ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း ပြောဆိုသည်။
သို့သော် မဲဆွယ် စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဟုလည်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲ ပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြု လုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုနိုင်ရေး စီမံဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်မည်ဆိုသော အကြောင်းပြချက်ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူခဲ့သည်။
ထို့နောက် စစ်ကောင်စီဘက်က ထုတ်ပြန်ရာ မြန်မာနိုင်ငံတဝှမ်း လူဦးရေ(၃၂)သန်းကို စာရင်းကောက်ယူနိုင်ခဲ့ပြီး (၅၁)သန်းပြည့်မီစေရန် (၁၉)သန်းကို ခန့်မှန်းတွက်ချက်၍ ထည့်သွင်းဖော်ပြထားသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ရာထူးစဉ်မပြည်မီသည့် ကာလုံ အစည်းအဝေးကိုခေါ်ယူကာ ရွေးကောက်ပွဲပြုလုပ်ရန်နှင့် တည်ငြိမ်အေးချမ်းမှုမရှိသေး၍ဟူသော အကြောင်းပြ ချက်ဖြင့် (၆)လသက်တမ်း ထပ်မံရယူလိုက်သည်။