ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများထဲတွင် သက်ကြီးပိုင်းနှင့် ကလေးအများစုပါဝင်နေပြီး အလောင်းကောက်ယူရန်ပင်မလွယ်ကူဟု ဒေသခံများထံမှ သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအများစုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး ကလေးငယ်များနှင့် သက်ကြီးပိုင်း အများစုပါဝင်ကာ ရုပ်အလောင်းအများသည် မီးလောင်ပျက်စီး၍ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး တချို့ရုပ်အလောင်းများအား ကောက်ယူရန်ပင် မလွယ်ကူဖြစ်သွားသည်ဟု သိရသည်။
“သေဆုံးနဲ့ ပျောက်ဆုံးသူတွေရှိသေးတယ်။ အလောင်းရပြီးတော့ လူမမှတ်မိတာတွေနဲ့ လူပျောက်ပြီး အလောင်းရှာမရတာတွေလည်း ရှိနေသေးတယ်။”ဟု ကူညီပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကျောက်နီမော်ရွာအား စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲချရာ အရပ်သား (၄၁)ဦး သေဆုံးပြီး (၅၂)ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ကျောက်နီမော်ရွာ တောင်ပိုင်းရပ်ကွက်ကို ဗုံးကြဲချသွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်နီမော်တိုက်နယ်ရှိ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ နေအိမ် (၅၀၀)ဝန်းကျင်လည်း မီးလောင်ပျက်စီးသည်ဟု သိရသည်။
ရမ်းဗြဲမြို့သည် အာရက္ခတပ်တော်(AA)၏ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားရာ ပြန်လည်ထူထောင်ရေးစတင်နေသည့် မြို့လည်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:CJ