စစ်မှုထမ်းဥပဒေသည် လူငယ်ထုတခုလုံးအတွက် ဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း ကုလမဟာမင်းကြီးကို NUG ဝန်ကြီးပြော

စစ်မှုထမ်းဥပဒေသည် လူငယ်ထုတခုလုံးအတွက် ဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း ကုလမဟာမင်းကြီးကို NUG ဝန်ကြီးပြော
မတ် 6, 2024 | 2021 Military Coup

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် လူငယ်ထုတခုလုံးအတွက်နှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk နှင့် ၂၀၂၄ခုနှစ် မတ်လ(၄)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ မဟာမင်းကြီး၏ ရုံးခန်း၌တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

(၅၅)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် လူ့အခွင့်အရေးမဟာမင်းကြီး၏ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နှင့် ငွေကြေး ဖြတ်တောက်မှုများလုပ်နိုင်ရန်အတွက် အဓိပ္ပာယ်ရှိပြီး ပိုမိုထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့မှုအား ကြိုဆိုကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ်သည့် နိုင်ငံတကာ ချဉ်းကပ်မှုပုံစံအသစ် လိုအပ်ကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှုများအကြောင်း၊ ပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေသည် လူငယ်ထုတခုလုံးအတွက်နှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့် အခြေအနေကို ဖန်တီးရာရောက်ကြောင်း၊ စစ်တပ်အတွင်း လူသားဒိုင်းအပါအဝင် အဓမ္မလုပ်အား စေခိုင်းခြင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင်ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများအပေါ် ယခုထက်ပိုမိုဆိုးရွားသည့် သက်ရောက်မှုများ တွန်းပို့ရာရောက်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရသည်။

ရိုဟင်ဂျာပြည်သူများကို စစ်သားသစ်အဖြစ် စုဆောင်းရန်ကြိုးစားနေကြောင်း၊ ယခင်လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုန်းအသွင်ဖန်တီးပြီး နိုင်ငံရေးလွတ်လမ်းအဖြစ် လုပ်ဆောင်နေကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ထဲတွင် ယခုထက်ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ ဒီမိုကရေစီအင်အားစုများကို လူသားချင်းစာနာမှု၊ ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာများ ပံ့ပိုးလုပ်ဆောင်ပေးရန်၊ အရေးယူမှုဆိုင်ရာ၊ တာဝန်ယူမှုဆိုင်ရာ လုပ်ဆောင်မည့် အကြောင်းအရာများကို ပြင်ဆင် လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်စစ်အုပ်စု ချိုးဖောက်နေသော ကိစ္စများအား တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရန်အတွက် လူ့အခွင့်အရေး လမ်းကြောင်းတင်မက တရားစီရင်မှု လမ်းကြောင်းများကိုပါ အသုံးပြုနိုင်စေရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency