တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ကဝင်စီးပြီး နယ်ထိန်းလင်မယားကို ဖမ်းဆီး

တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ကဝင်စီးပြီး နယ်ထိန်းလင်မယားကို ဖမ်းဆီး

မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ နှစ်နာရီကျော် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် နယ်ထိန်းဝင်းမင်းသန်းနှင့် ဇနီးဖြစ်သူကို ဖမ်းဆီးလိုက်သည်ဟု မြင်းခြံခရိုင်တပ်ရင်း (၃)ထံမှ သိရသည်။

တောင်သာမြိုနယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့က မြေပြင်စစ်ကြောင်း၊ ဝေဟင်စစ်ကြောင်းတို့ဖြင့် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲအတွင်း ဇဂျမ်းတိုက်နယ်ရဲစခန်းက နယ်ထိန်း ဝင်းမင်းသန်းနဲ့ ဇနီးကို ရဲစခန်းအဝင်ဝမှ ဖမ်းဆီးလာနိုင်ခဲ့တယ်။”ဟု မြင်းခြံခရိုင်တပ်ရင်း(၃)မှ တပ်ရင်းမှူး ကို Onemore က Tachileik News Agency ကို ပြောသည်။

ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းနေစဉ် တစ်နာရီဝန်းကျင်အကြာတွင် မကွေးလေတပ်မှ ဂျက်ဖိုက်တာ (၂)စီးဖြင့် သုံးကြိမ် မော်တာနှင့် ရော့ကတ်တို့ဖြင့် လာရောက်ပစ်ခတ်သည်ဟု ဆိုသည်။

“တော်လှန်ရေးတပ်တွေ နောက်မဆုတ်ဘူး။ စခန်းသိမ်းနိုင်ဖို့ ဆက်တိုက်ပါတယ်။ တိုက်ပွဲကြာချိန် (၂)နာရီနီးပါးမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ထပ်မံလာပစ်တယ်။”ဟု ၄င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၃)လုံး ပျက်စီးပြီး ဒေသခံ အသက်(၅၀‌)ကျော်အရွယ် ဒေါ်ခင်ပို သေဆုံးရကာ ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရသည်ဟု သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ်သည် ပျူစောထီးများနှင့်ပေါင်း၍ မြင်းခြံ၊ တောင်သာဘက်မှ စစ်ကြောင်း(၂)ခု အင်အား(၁၅၀)ဝန်းကျင်ဖြင့် စစ်ကူရောက်လာသည်ဟု ဆိုသည်။

“အပြင်းထန်တိုက်ခိုက်အပြီး လေကြောင်းနောက်တစ်ကြိမ်လာတာ၊ ရဲဘော်တွေ သက်စောင့်ကျည်ပဲကျန်တော့တာတွေကြောင့် ခွာစစ်ပြင် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။”ဟု ၄င်းက ပြောသည်။ 

စစ်ကူလာသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာနိုင်ခဲ့ပြီး  ပြည်သူနေအိမ်များထံမှ ပစ္စည်းများ သယ်ဆောင်သွားသည်ဟု ဆိုသည်။  

“ပြည်သူတွေကို ရွာထဲကမောင်းထုတ်ပြီး လူနာတင်ကား၊ ဖောကားတွေနဲ့ ဒဏ်ရာရတွေ သေသူတွေကို တင်သွားတယ်။ စခန်းမှူး ဦးဝင်းမြင့် ပျောက်ဆုံးနေတယ်။ သူကိုင်တဲ့ ပစ္စတိုတစ်လက်ကို အခြားစစ်ကောင်စီတပ်သား တစ်ဦးက ကိုင်ဆောင်နေတယ်။”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲအပြီး စစ်ရေးဗျူဟာအရအပြင် တိုက်မိုင်းများ ဆင်ထားခြင်းတို့ကြောင့် ပြည်သူများ အန္တရာယ်မဖြစ်စေရန် မြင်းခြံ-တောင်သာ ကားလမ်းပိုင်းအား ည(၆)နာရီမှ နံနက်(၆)နာရီအထိ ဇန်နဝါရီလ တစ်လလုံး သွားလာခြင်းမပြုလုပ်ကြရန် အသိပေးထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:မြင်းခြံခရိုင်တပ်ရင်း ၃ (ပုံဟောင်း)