အရာတော်မြို့နယ်အတွင်း ဆီသယ်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝက်လက် PDF က မိုင်းဆွဲ တိုက်ခိုက်

 ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အရာတော်မြို့နယ်အတွင်း ဆီသယ်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝက်လက် PDF က မိုင်းဆွဲ တိုက်ခိုက်
ဖေဖော်ဝါရီ 28, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဆီသယ်ကားဖြင့် လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်၊ နံနက်ပိုင်းက နံနက်(၉)နာရီခွဲက အရာတော်မြို့နယ်အတွင်း ကူးတို့ကိုင်းကျေးရွာနှင့် ဇံရစ်ရွာကြားတွင် ဆီသယ်ကားဖြင့် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများအား ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ နံနက်(၁၁)နာရီ ဝန်းကျင်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာနှင့် သမ္မာရိုးကျေးရွာကြား ကင်းပုန်းဝတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရွှေပန်းကုန်းကျေးရွာဘက်မှ ဆိုင်ကယ်(၃)စီးဖြင့် လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား (၅)ဦးကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြောက်ကျားနည်းအသုံးပြုသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုပ်ခွါနိုင်ခဲ့ကြောင်း သိရသည်။