KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ်  TNLA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ်  TNLA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။ 

စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရှင်းလင်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို အားလုံးအတူတကွ ကြိုးပမ်းတည်ဆောက်နေဆဲကာလတွင် ရပ်တည်ချက်ခိုင်မာပြတ်သားသည့် ခေါင်းဆောင်ကောင်းကို ဆုံးရှုံးရသည်မှာ ဖော်ပြ၍မရနိုင်သည့် ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသမီးအရေး၊ ကရင်လူမျိုးအရေးတို့အပြင် မြန်မာပြည်အမျိုးသမီးအရေး၊ မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအရေးတို့ကို KNU ဒုတိယဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးဟူသော မြင့်မားသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်၏ ခေါင်းဆောင်မှုကို အစဉ်အမြဲ အောက်မေ့သတိရ မှတ်တမ်းတင်နေမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသားတော်လှန်ရေးခေါင်းဆောင် KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘော၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်သည် ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်များအား အကူအညီပေးသည့် ကရင်အမျိုးသမီး အစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး တိုက်ပွဲဝင်ခဲ့သည့် နော်စီဖိုးရာစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးကို အားပေးခဲ့သူလည်းဖြစ်သည်။

နော်စီဖိုးရာစိန်သည် ဇူလိုင်လ(၂၄)ရက်နေ့တွင် ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ်ရှိပြီဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News