အမ်းမြို့နယ်အတွင်း မှ စစ်ဘေးရှောင်ပြည်သူများစွာ အကူအညီများ လိုအပ်နေ

အမ်းမြို့နယ်အတွင်း မှ စစ်ဘေးရှောင်ပြည်သူများစွာ အကူအညီများ လိုအပ်နေ

ရက္ခိုင်ပြည် အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံ (၁၃)ဦး သေဆုံးပြီး (၄၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးရှောင်ပြည်သူများစွာ အကူအညီများ လိုအပ်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ထံမှ သိရသည်။

အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့အထိ တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ (၁၃) ဦး သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၆)ဦး ရှိခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှ စတင်၍ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးတွင် တိုက်ပွဲအရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူများ သောင်းချီတိုးလာခဲ့ကြောင်း သိရသည်။

လတ်တလော စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊ အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့်ကလေးများအတွက် အာဟာရများ၊ ခြင်ထောင်များ အပြင် ဆောင်းရာသီတွင်း ဖြစ်သဖြင့် အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် တချို့ စစ်ရှောင်ပြည်သူများမှာ နေရာ အတည်တကျမရှိဘဲ မြေကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများ အရေးတကြီး လိုအပ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း အကူအညီနှင့် အထောက်အပံများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုံး - UNOCHA Myanmar ၏ ၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနှံ့ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူ (၃) သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: HDCO