စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအား Justice For Myanmar တောင်းဆို

စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအား Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေမှုကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအား Justice For Myanmar နှင့် The Sentry တို့က တိုက်တွန်းသည်။

တရုတ်သင်္ဘော၊ ဗီယက်နမ်သိုလှောင်ဆိပ်ကမ်းနှင့် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်သည့် အခြားလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar မှ တောင်းဆိုနေခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်အုပ်စု၏ လေယာဉ်ဆီရရှိနေမှုကို ဖြတ်တောက်အရေးယူဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိနေပြီး ၊ ၎င်းအခွင့်အာဏာကို အသုံးပြုရန်လိုအပ်နေကြောင်း Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် HUITONG78၊ Hai Linh Co. Ltd နှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေသည့် အခြားသော ကုမ္ပဏီအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကဲ့သို့သော ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များလုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းမှဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိသည့် ယုံကြည်ထိုက်သော ထောက်လှမ်းရေးသတင်း အချက်အလက်များကို အခြေပြုအသုံးချရန်နှင့် ၎င်းတို့ ပြဌာန်းပြီးဖြစ်သည့် ခိုင်မာအားကောင်းသော စည်းမျဉ်းကြီးကြပ်မှုဆိုင်ရာနည်းလမ်းများကို လက်တွေ့အသုံးချရန် Justice For Myanmar မှ တိုက်တွန်းထားသည်။

မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုအပေါ်ပစ်မှတ်ထားသည့် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်လိုက်သည့် အရေးယူမှုဆိုင်ရာအစီအမံများအပေါ် ကြိုဆိုကြောင်း Justice For Myanmar မှ ဆိုသည်။

မြန်မာနိုင်ငံစီပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင်ရန် ဆုံးဖြတ်သည့် မည်သည့် ပြည်ပလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုထားသည့် လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်မှုအပေါ်  ကြိုဆိုကြောင်း ၎င်းမှ ဆိုသည်။

အဆိုပါဆုံးဖြတ်ချက်နှင့်အတူ လမ်းညွှန်ချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့ပြီး ယင်းလမ်းညွှန်ချက်တွင် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာန၏ ပြည်ပပိုင်ဆိုင်မှုပစ္စည်းများ ထိန်းချုပ်ရေးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်အုပ်စုလက်ဝယ်အသုံးပြုမှုများအတွက် သို့မဟုတ် ယင်းနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ပစ်မှတ်ထားရန် ရည်ရွယ်ကြောင်း Justice For Myanmar မှ ဆိုသည်။

သို့သော် ယင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး တစ်နှစ်နီးပါးကြာမြင့်လာသည့် ယနေ့အချိန်အထိ အမေရိကန်ပြည်ထောင်စုမှ မည်သည့်လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တစ်ခုကိုမျှ ချမှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

Amnesty International အဖွဲ့အနေဖြင့် လေယာဉ်ဆီရောင်းချရာတွင် ပါဝင်ပက်သက်နေသူများနှင့် ၎င်းတို့မည်သို့ပေးပို့နေသည်ကို ယုံကြည်ထိုက်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များ နှစ်ကြိမ်တိုင်ပေးအပ်ခဲ့ကြောင်း The Sentry ၏ တရားမဝင်ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge က ဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဌာနအနေဖြင့် ဟန်ရေးပြသက်သက်မဟုတ်ဘဲ အမှန်တကယ် အလုပ်လုပ်နေကြောင်း ပြသရန် မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူများအား အဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရန် ၎င်းမှ တိုက်တွန်းသည်။

Justice For Myanmar အဖွဲ့သည် စစ်ကောင်စီ၏ ရန်ပုံငွေနှင့် လက်နက်အရင်းအမြစ်များ၏ အချက်အလက်များကို စုံစမ်းဖော်ထုတ်နေပြီး ၊ ၎င်းတို့နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောအဖွဲ့အစည်းများ၏ ကြိုးစားမှုကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

#TachileikNewsAgency