စစ်ကိုင်းမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီထုတ်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီထုတ်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီထုတ်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် တွဲကားယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Area 71 Defense Force Monywa) အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီထုတ်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် တွဲကား (၆၈)စီးပါ ယာဉ်တန်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် လမ်းပိုင်းကင်းထောက်များ၏ သတင်းပေးမှုအရ ချောင်းဦး-မုံရွာ လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား စစ်ကောင်စီ နေရာချထားသည့် ကင်းပုန်းများ ပစ်ခတ်နေသည့်ကြားမှ ဖောက်ခွဲရေးတပ်ဖွဲ့ဝင်များက မိုင်းကွင်းရှိရာ အနီးသို့ ခက်ခက်ခဲခဲ သွားရောက်နေရာယူကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် တွဲကားယာဥ်တန်း၏ (၃)စီးမြောက် တွဲကားအား ထိမှန်ခဲ့ပြီး ၊ ကားတန်းဖြတ်ချိန် လမ်းကင်းနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးလည်း မိုင်းထိ၍ နေရာတွင် လဲကျသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း Area 71 Defense Force Monywa အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့မှ ဦးဆောင်ပြီး Area 71 Defense Force Monywa နှင့် Anyar Defence Force (ADF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:စစ်ကောင်စီ၏ ကြေးနီတင်ဆောင်လာသည့် တွဲကား (ပုံ‌ဟောင်း)