ရှမ်းပြည်နယ်တောင်ပိုင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာ ကျိုင်းတောင်းမြို့လည်း ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့ကစတင်ကာ ချောင်းရေမြင့်တက်လာခြင်းကြောင့် ရေမြှုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုင်းတောင်းမြို့သည် ခိုလမ်၊ မိုးနဲ၊ လင်းခေး (၃)မြို့ အလည်တွင်ရှိပြီး စစ်ကောင်စီ၏ တိုင်းဗဟို(၃) တန်းမြင့်စစ်သင်တန်းကျောင်းရှိသည့်မြို့လည်းဖြစ်သည်။
“ရေက ထပ်တက်တယ်။ ကျိုင်းတောင်းမြို့ပါ ပါလာပြီ။ ဒါတောင် မြို့တွေပဲသိကြတာ။ သွားဖို့မလွယ်တဲ့ရွာတွေများတယ်။ ကျိုင်းတောင်းက ဖုန်းလိုင်းမရတော့ဘူး။ အဲဒီမှာလည်း အခြေအနေဆိုးနေတယ်ဗျ။ ရေအားလျှပ်စစ် စက်ရုံရှိတဲ့နေရာလေ။”ဟု ကျိုင်းတောင်းမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကျိုင်းတောင်းမြို့သည် ၂၀၀၂ ခုနှစ်က ရေတစ်ကြိမ်ကြီးဖူးပြီး လက်ရှိရေမြင့်တက်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် အခြေနေဖြစ်သည်ဟု သိရသည်။
“ကျိုင်းတောင်းမြို့ကကြတော့ သွားရေးလာရေးခက်တယ်။ ရေအားလျှပ်စစ်လုပ်ငန်းခွင်လည်း ရေကြီးတော့ နားထားရတာပေါ့။”ဟု ၎င်းကဆက်ပြောသည်။
ကျိုင်းတောင်းရေတံခွန်မှ ရေလွှဲယူကာ ရေအားလျှပ်စစ်ထုတ်လုပ်သည့် ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တစ်နှစ်လျှင် လျှပ်စစ်မီတာကီလိုဝပ် သန်းပေါင်း(၃၇၇.၆)သန်း ထုတ်လုပ်ပေးသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးနှင့် မိုင်းပန်မြို့များလည်း ရေမြှုပ်နေကာ ဒေသခံများ၏ စပါးစိုက်ခင်းနှင့် ပြောင်းခင်း ဧကထောင်ချီ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။
၂၀၂၄ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ကစတင်ကာ သံလွင်မြစ်၊ နမ့်လတ်၊ နမ့်တိန်း၊ နမ့်ပန်ချောင်းရေများ မြင့်တက်ပြီး နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးနှင့် မိုင်းပန်မြို့၊ ကျိုင်းတောင်းမြို့တို့တွင် ရေနစ်မြှုပ်နေခြင်းဖြစ်သည်။
“လင်းခေး၊ မိုးနဲ၊ နမ့်စန်ရေကတော့ ဒီနေ့ထပ်မတက်လာဘူး။ ရပ်နေတယ်ဗျ။ ခိုလမ်မှာတော့ ရေကျတယ်။”ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အလှူရှင်မရှိသဖြင့် ငွေကြေးတတ်နိုင်သည့်နေအိမ်က တခြားအိမ်များအတွက် ထမင်းထုပ်များကို ပို့ပေးနေကြရပြီး ရေပြန်ကျသွားပါက အခြေခံလူတန်းစားများအတွက် လတ်တလောစားရန် လိုအပ်သည့်အခြေအနေဖြစ်လာနိုင်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: ကျိုင်းတောင်းနှင့် လင်းခေးမြို့ ယနေ့ရေကြီးနေသည့် အခြေအနေ