ဆောမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

ဆောမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆောမြို့နယ် ကြန်တောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၁)ဦး သေဆုံးကာ (၂) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယောအလင်းတန်းအဖွဲ့ထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း ကျောက်ထုအမြောက်တပ်မှ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကာ ဇူလိုင်လ (၁၇)ရက်နေ့တွင် လက်နက်ကြီးအလုံးရေ (၁၇)လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးများသည် ကျောက်ထုအမြှောက်တပ်၏ အနောက်တောင်၊ အနောက်နှင့် အနောက်မြောက်ဘက်များနှင့် ကြန်တောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဦးခေါင်းထိမှန်ခဲ့သူ (၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကျောက်ထုအမြှောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညဦးပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများလုပ်ဆောင်နေသဖြင့် အနီးအနားရှိ ကျေးရွာနေ ပြည်သူများအနေဖြင့် ညဘက်တွင် တတ်နိုင်သမျှ အိမ်အပေါ်ထပ်များတွင် အိပ်စက်ခြင်းမပြုရန်နှင့် လက်နက်ကြီးဒဏ်ခံနိုင်သည့် နေရာများတွင် ရွေးချယ်နေထိုင်ကြရန် အသိပေးလိုကြောင်း ယောအလင်းတန်းအဖွဲ့မှ ဆိုသည်။

ယနေ့ ဇူလိုင်လ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင်လည်း ကျောက်ထုအမြှောက်တပ်မှ လက်နက်ကြီး (၁၂၀)မမ ပစ်ခတ်မှု (၄) ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ယောအလင်းတန်း