မြန်မာနယ်စပ်အခြေစိုက်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)များ နှိမ်နှင်းရေးအတွက် ထိုင်းနိုင်ငံက မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခြင်းကို ဖြေလျော့ရန်မရှိသေးကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
အမျိုးသားလုံခြုံရေးကောင်စီဥက္ကဌလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီးက ၂၀၂၅ ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ကျင်းပသည့် နယ်စပ်ဒေသများတွင် လုံခြုံရေးခြိမ်းခြောက်မှုများ တားဆီးရေးနှင့် ဖြေရှင်းရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာဘက်သို့ လျှပ်စစ်၊ လောင်စာဆီနှင့် ဆက်သွယ်ရေးဖြတ်တောက်မှုများ လုပ်ဆောင်ထားသည့်ကာလအတွင်း နယ်စပ်၏လုံခြုံရေးအခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဆွေးနွေးရာတွင် ကုန်ကြောင်း၊ လေကြောင်း၊ ရေကြောင်းမှ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းနေမှုများအပါအဝင် လုံခြုံရေးခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းမည့် ပင်မကော်မတီ၏ လုပ်ငန်းဆောင်တာများကို ပံ့ပိုးမည့် ဥပဒေအကြံပေးကော်မတီဖွဲ့စည်းရေးကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။
ယင်းဆွေးနွေးမှုအပြီးတွင် လက်ရှိ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်၊ ဆက်သွယ်ရေးလိုင်းနှင့် လောင်စာဆီဖြတ်တောက်မှု ကန့်သတ်ချက်မှာ မြန်မာနိုင်ငံအတွင်း နယ်စပ်အချို့နေရာများတွင် ဆက်လက်လည်ပတ်နေဆဲ အွန်လိုင်းလိမ်လည်ဂိုဏ်းများကို နှိမ်နှင်းရေးအတွက် ဆက်လက်ထားရှိရန် လိုအပ်နေဆဲဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တာ့ခ်ခရိုင်အတွင်း မြန်မာနယ်စပ် (၅)နေရာကို အထူးလုံခြုံရေးဇုန်သတ်မှတ်ရေးအဆိုပြုချက်ကို စီးပွားရေးအပေါ် သက်ရောက်နိုင်မှုနှင့် ဖြစ်နိုင်ချေအကဲဖြတ်မှုများ ပြုလုပ်မည်ဟု သိရသည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အပါအဝင် နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်များ)နှိမ်နှင်းရေးအတွက် ထိုင်းနိုင်ငံက မြန်မာနယ်စပ် (၅)နေရာကို လျှပ်စစ်ဓါတ်အား ပေးပို့ခြင်းအား ဖြတ်တောက်လိုက်ခြင်းအပြင် လောင်စာဆီနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းကို ဖေဖေါ်ဝါရီလ (၅)ရက်နေ့က စတင်ကန့်သတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဖြတ်တောက်မှုများကြောင့် မြဝတီမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းများတွင် လုပ်ကိုင်နေသူများကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်ပို့ဆောင်ခြင်းများများလုပ်နေပြီး လုပ်ငန်းများရပ်ဆိုင်းသွားသည်ဟုဆိုသော်လည်း နေရာရွှေ့ပြောင်းလုပ်ကိုင်နေသည်များလည်း ရှိသည်ဟု ထိုင်းနိုင်ငံက ပြောကြားနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံက လျှပ်စစ်နှင့် လောင်စာဆီဖြတ်တောက်မှုကြောင့် နယ်စပ်ဒေသတွင် နေထိုင်သူများ၏ နေ့စဉ်လူမှုဘဝအပေါ် ကြီးကြီးမားမား သက်ရောက်မှုများရှိနေခြင်းဖြစ်သည်။
Source: Bangkok Post
#TachileikNewsAgency