သံတွဲစီးပွားရေးဘဏ်မှ ငွေကျပ်သိန်း နှစ်သောင်းဝန်းကျင်နှင့် တပ်မိသားစုဝင်များကို စစ်သင်္ဘောဖြင့် ရန်ကုန်ပို့

သံတွဲစီးပွားရေးဘဏ်မှ ငွေကျပ်သိန်း နှစ်သောင်းဝန်းကျင်နှင့် တပ်မိသားစုဝင်များကို စစ်သင်္ဘောဖြင့် ရန်ကုန်ပို့

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ်သိန်း နှစ်သောင်းဝန်းကျင်အပါအဝင် စစ်ကောင်စီတပ်မိသားစုဝင်နှင့် ရဲမိသားစုဝင်(၄၀၀)ခန့်ကို စစ်သင်္ဘောဖြင့် ရန်ကုန်သို့ ပို့ဆောင်လိုက်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

သံတွဲမြို့တွင်းသို့ အာရက္ခတပ်တော်(AA) စတင်ဝင်ရောက်သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၂၅)ရက်နေ့က မြို့တွင်းရှိ ရဲများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ပြေးကြပြီး တပ်မိသားစုဝင်များနှင့် ရဲမိသားစုဝင်များကို မောင်ရွှေလေးရေတပ်စခန်းမှ စစ်သင်္ဘောဖြင့် ရန်ကုန်မြို့ သံလျှင်ရေတပ်စခန်းထံ ပို့ဆောင်သည်ဟု ဆိုသည်။

"AA က ရွှေလှေတိုက်နယ်ကို စပြီးတိုက်နေချိန်ကတည်းက စီးပွားရေးဘဏ်က ငွေတွေကို ငပလီက ခလရ(၅၅)ကိုပို့ထားတာ။ ‌AA က ဂေါ့ကိုတိုက်နေတဲ့အချိန် တပ်မိသားစုဝင်တွေကော၊ ရဲမိသားစုဝင်တွေနဲ့ ဘဏ်ငွေတွေကိုပါ စစ်သင်္ဘောနဲ့တင်ပြီး ရန်ကုန်ပို့လိုက်တာ။"ဟု တပ်တွင်း သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

အဆိုပါ စစ်သင်္ဘော သံလျင်ဆိပ်ကမ်းအရောက်တွင် စစ်ကောင်စီတပ်က ဘဏ်ငွေများအား ရေတွက်ခိုင်းကာ သံလျင်ဘဏ်တွင် စာရင်းသွင်းအပ်နှံသည်ဟုလည်း တပ်တွင်းသတင်းပေးက ဆက်ပြောသည်။

"သံတွဲရဲစခန်း အလံဖြူထောင်တယ်ပြောကြတဲ့နေ့က ရဲတွေအံတော်ဘက်ကိုကင်းလှည့်တာ AA တပ်တွေနဲ့တိုးပြီး ပြန်ပေးလာကြတာပေါ့။ AA က လိုက်လာတော့ ရဲတွေကော၊ ဘဏ်ကလူတွေကော အကုန်ထွက်ပြေးရတယ်။ ရဲစခန်းရှေ့မှာ စီးပွားရေးဘဏ်ရှိတယ်လေ။ ဘဏ်ခြံဝန်းအနီးအထိ AA ရောက်တယ်။ ပစ်ခတ်တာတွေ ဖြစ်တယ်။"ဟု တပ်တွင်းသတင်းပေးက ဆက်ပြောသည်။

လက်ရှိတွင် သံတွဲမြို့မှထွက်ပြေးသည့် ဌာနဆိုင်ရာဝန်ထမ်းတချို့ကို ဂွမြို့နယ်နှင့် ရန်ကုန်တို့တွင်ရောက်ရှိနေပြီး ရောက်ရှိနေသည့် ဒေသရှိ သက်ဆိုင်ရာဌာနများတွင် ပြန်လည်နေရာချထားပေးသည်ဟု သိရသည်။

သံတွဲမြို့အတွင်း စစ်ကောင်စီတပ်များမရှိတော့သည့်အခြေအနေဖြစ်နေပြီး ထောင်အတွင်း ကျန်ရှိနေသည့် အကျဉ်းသား(၅၀)ဦးဝန်းကျင်ကိုလည်း ယနေ့ညတွင် ပြန်လွှတ်မည်ဟု နိုင်ကျဉ်းမိသားစုဝင် တချို့ထံမှ သိရသည်။

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ခမရ(၅၆၆)၊ လေဆိပ်၊ ခလရ(၅၅)တို့ကို သိမ်းထားပြီးဖြစ်ကာ သံတွဲမြို့ရှိ စစ်ကောင်စီတပ်သားများအား ဆက်လက်တိုက်ခိုက်မည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် မြို့တွင်းသို့ လက်နက်ကြီးကျကာ ဒေသခံတစ်ဦး သေဆုံးပြီး နံတော်တောင်ဘုရားမှာလည်း လေကြောင်းမှ ဗုံးကြဲခံရသည်ဟု သိရသည်။

ထို့အပြင် သံတွဲမြို့နှင့် (၂)မိုင်အကွာ သံတွဲ-ဂွလမ်းပေါ်ရှိ မြုံချောင်းရွာမှ ရတနာ့မာရ်အောင်ကျောင်း လက်နက်ကြီးကျကာ ပျက်စီးပြီး ကျောင်းထိုင်ဆရာတော်လည်း တိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency