ဇွန်လ ပထမအပတ်အတွင်း RCSS မှ SSPP/SSA ကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်

ဇွန်လ ပထမအပတ်အတွင်း RCSS မှ SSPP/SSA ကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ (SSSP/SSA) တပ်ဖွဲ့ကို ၂၀၂၄ခုနှစ် ဇွန်လ ပထမအပတ်အတွင်း၌ (၄)ကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး SSPP/SSA တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ စစ်ယာဉ်တန်း မော်တော်ယာဉ်တစ်စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရကြောင်း SSPP အဖွဲ့မှ ဇွန်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာ တောင်ဘက်တွင် ပတ်ကင်းလှည့်နေသည့် SSPP/SSA တပ်ဖွဲ့ဝင်တစ်ချို့ကို ဇွန်လ (၆) ရက်နေ့ နံနက် (၉) နာရီတွင် RCSS တပ်ဖွဲ့ဝင်တစ်ချို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်း (၆)လုံး ဆက်တိုက်ပေါက်ကွဲကာ SSPP/SSA တပ်သားတစ်ဦး မိုင်းစထိမှန် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း SSPPမှ ဆိုသည်။

ဇွန်လ (၄) ရက် နံနက် (၅) နာရီကျော်ခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပြင်းကျေးရွာအုပ်စု ကျောက်ငတ်ကျေးရွာအနီး၌ RCSS၏ ထောင်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့ နယ် ကျိုင်းခမ်းကျေးရွာအုပ်စု လွယ်တန်ကျေးရွာ နှင့် မက်လန်းကျေးရွာကြား လှုပ်ရှားသွားလာသည့် SSPP/SSA စစ်ကြောင်းကို ဇွန်လ (၂) ရက် နံနက် (၆) နာရီတွင် RCSS တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၃)လုံးကို SSPP/SSA တပ်ဖွဲ့ဝင်များက နေရာတွင်ပင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇွန်လ (၁) ရက်နေ့ နံနက် ခြောက်နာရီခွဲခန့်ကလည်း ဟိုပုံးမြို့နယ် မိုင်းပြင်းကျေးရွာအနောက်ဘက် ကျောက်ငတ်ကျေးရွာလမ်းခွဲ၌ လှုပ်ရှားနေသည့်  SSPP/SSA စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ဒေသခံပြည်သူများ သတင်းပေးပို့မူကြောင့် မပေါက်ကွဲသေးသည့် RCSS ထောင်မိုင်း (၂၀)ခန့်ကိုလည်း SSPP/SSA ဘက်က လိုက်လံရှင်းလင်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရှမ်းတပ်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS တို့သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉ )ရက်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မူရပ်စဲကြောင်း သဘောတူကြေညာစာထုတ်ပြန်ခဲ့သည်။

သဘောတူကြေညာစာထုတ်ပြန်ပြီးနောက်ပိုင်း RCSS ဘက်မှ SSPP စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်နည်းများ အသုံးပြုပြီး စုစုပေါင်း (၁၁) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း SSPP အဖွဲ့မှ ဆိုသည်။

သို့သော် ရှမ်းတပ်နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေးကို ရှေးရူပြီး SSPP/SSA တပ်ဖွဲ့မှ လက်ရှိအချိန်ထိ RCSS တပ်ဖွဲ့အပေါ် တုံ့ပြန်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးဘဲ RCSS ကသာ SSPP/SSA စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း SSPP အဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency

Photo:SSPP Info