စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်သည်ဟု KawLin Info ထံမှ သိရသည်။
စစ်ကောင်စီလေတပ်သည် ယနေ့ နေ့လယ်(၁)နာရီခွဲ ကျော်တွင် ပေါင်(၅၀၀) ဗုံးနှစ်လုံးကြဲချ၍အရပ်သား (၃)ဦးဒဏ်ရာရကာ ကလေးတစ်ဦးသေသည်ဟု ကနဦးသတင်း သိရသည်။
"စစ်ကြောင်းလည်း မထိုးဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။"ဟု KawLin Info မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီလေတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အဖိုးအိုတစ်ဦးတို့ ဒဏ်ရာရသည်ဟု သိသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကိုလည်း ဧပြီလ(၉)ရက်နေ့ ညနေ(၃)နာရီကျော်အချိန်က ဂျက်ဖိုက်တာ (၃)စီးဖြင့် လာရောက် ဗုံးကြဲပစ်ခတ် တိုက်ခိုက်သွားသည့်အပြင် ည(၆)နာရီ ဝန်းကျင်အချိန်တွင်လည်း ထပ်မံပြီး ဂျက်ဖိုက်တာဖြင့် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည့်အတွက် ကလေးငယ်များ အပါအဝင် (၂၀)ဦးကျော် သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။