နိုင်ငံတိုးတက်ရေးအတွက်အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရသည်မှာလည်း နိုင်ငံအင်အား လျော့နည်းလာခြင်းသာဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုသည်။
ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့(ရှမ်းပြည် အမျိုးသားနေ့)အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ဖော်ပြထားသည်။
“နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ ပြုန်းတီးနေရသည်မှာလည်း နိုင်ငံအင်အား လျော့နည်းလာခြင်းသာဖြစ်ပါသည်။”ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသည်ဟုလည်း ဆိုသည်။
နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းများဖြင့်သာ ဖြေရှင်းကြရမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ကာ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မည်ဟုလည်း ပြောသည်။
နိုင်ငံ၏ အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဖြစ်ကာ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံ မဖြစ်စေရန် အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစု ပေါင်းမှာ (၆၂၆၂)ဦးရှိပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈,၅၁၆)ဦးရှိပြီး ထိုအထဲမှ (၂၁,၇၈၇)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၂၇၆)ဦးမှာ ထောင်ဒဏ်ချ မှတ်ခံထားရသည်။
လက်ရှိတွင် စစ်ကောင်စီသည် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသား လူငယ်၊ လူရွယ်များနှင့် အသက် (၄၅)နှစ်အထိ ကျန်းမာရေးကောင်းသူများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်ပြီး စစ်မှုထမ်းရန် ခေါ်ဆောင်နေသည်။
စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)ဝန်းကျင်ခေါ်ယူနေရာ လက်ရှိတွင် အပတ်စဥ် (၁၀)ကို စတင်ခေါ်ယူနေပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင် စစ်ကောင်စီသည် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စာရင်းကောက်ယူလာပြီး ပထမဆုံးအနေဖြင့် သန်းခေါင်းစာရင်းလာရောက် ကောက်ယူခြင်း၊ အမည်နှင့် အသက်မေးမြန်းခြင်းနှင့် တက်ရောက်နေသည့် ကျောင်း၊ တက်ရောက်ခဲ့သော ကျောင်းများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မေးမြန်းခြင်းများပြုလုပ်လာပြီဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:ဒဏ်ရာရ စစ်ကောင်စီ တပ်သားများကို စစ်ခေါင်းဆောင်က သွားရောက်တွေ့ဆုံစဥ် (ပုံဟောင်း)