ကရင်နီဒေသတွင် KNDF ဖွင့်လှစ်သည့် ဆေးသင်တန်းတွင် ဖြစ်ပွားသည့် မတော်တဆမှုကြောင့် ဆေးတပ်သား (၁၈)ဦး သေဆုံးမှုအပေါ် သင်တန်းတာဝန်ရှိသူများကို ဗဟိုအဆင့် စစ်တရားခုံရုံးအဖွဲ့မှ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ အမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတင်ပြချက်နှင့် တရားခွင်အတွင်း စွပ်စွဲခံရသူများနှင့် သက်သေခံထွက်ဆိုချက်အရ တာဝန်ရှိသူ ကျောင်းအုပ် (၁) ဦး ၊ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာ (၁)ဦး နှင့် သင်တန်းအကူ (၁)ဦး တို့သည် တာဝန်ရှိကြောင်း ထင်ရှားခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၏ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ (၁၇)၊ (၂၇) အရ ကျောင်းအုပ်နှင့် ကာယလေ့ကျင့်ရေးဆရာတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁)နှစ် နှင့် (၃)လစီ ချမှတ်ခဲ့ပြီး သင်တန်းအကူအား ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ (၂၇) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း KNDF မှ ဦးစီးဖွင့်လှစ်သည့် Frontline Combat Medic သင်တန်းသို့ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ဆေးတပ်သား တပ်ဖွဲ့ဝင် (၁၀၂)ဦး တက်ရောက်ခဲ့ပြီး ထိုသင်တန်းကာလအတွင်း ညဘက်လေ့ကျင့်ရေးတစ်ခုပြုလုပ်စဉ် သင်တန်းသား၊ သင်တန်းသူ (၁၈)ဦး ရေထဲမျောပါ သေဆုံးခဲ့ပြီးနောက် တာဝန်ရှိသူများအား ပြစ်ဒဏ်ချမှတ်စီရင်ခဲ့ခြင်းဖြစ်သည်။
KNDF အနေဖြင့် အခက်အခဲများစွာရှိသေးသော်လည်း တော်လှန်ရေးရည်မှန်းချက် အောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ၊ တော်လှန်ရေးကာလ၌ အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#TachileikNewsAgency
Photo: KNDF