ဘုရားသုံးဆူမြို့ တိုက်ပွဲကြောင့် စစ်ရှောင် ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ခေတ္တတိမ်းရှောင်

ဘုရားသုံးဆူမြို့ တိုက်ပွဲကြောင့် စစ်ရှောင် ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ခေတ္တတိမ်းရှောင်
By Mr John

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလဘူရီခရိုင်နှင့်နယ်စပ် မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ်ပွား၍ အရပ်သား (၁၀၀)ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ၂၀၂၄ ခုနှစ် မေလ (၁၀) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၄၀) မိနစ်၌ ဖြစ်ပွားသော တိုက်ပွဲတွင် အမည်မသိ တပ်ဖွဲ့များ ပါဝင်ကြောင်း ဘန်ကောက်ပို့စ် က ဆိုသည်။ 

တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် ဗုံးများ အသုံးပြုကြပြီး ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော မီးခိုးများကို နှစ်နိုင်ငံနယ်စပ် ထိုင်းဘက်အခြမ်းကနေ အထင်းသား တွေ့နိုင်ကြောင်း နယ်စပ်ရှိ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ ဘုရားသုံးဆူမြို့ရှိ မြန်မာစစ်တပ်၏ ခလရ (၂၈၄) တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ နယ်စပ်မှ တစ်မိုင်ကျော်(၂ ကီလိုမီတာ) ခန့်တွင် ဖြစ်ပြီး ဘုရားသုံးဆူမြို့မှ ကလေးများနှင့် သက်ကြီးရွယ်များ အပါအဝင် မြို့ခံ (၁၀၀) ကျော်မှာ နယ်စပ်ဖြတ်ကျော်၍ ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့သည်ဟု သတင်းတွင်ဖေါ်ပြထားသည်။

မိနစ် (၄၀)ဝန်းကျင် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်  သေနတ်သံများ တိတ်ဆိတ်သွားချိန်တွင်

စစ်ဘေးရှောင်အချို့က ဘုရားသုံးဆူဘက်ပြန်ဝင်သွားကြသော်လည်း လူဦးရေ (၄၀)ခန့်မှာ ထိုင်းနိုင်ငံဘက် ယာယီခိုလှုံနေဆဲဖြစ်ကြောင်း သိရသည်။

ဘရားသုံးဆူမြို့မှာ မကြာမီကာလက တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြဝတီမြို့၏ တောင်ဘက် (၉၃) မိုင်  အကွာတွင် တည်ရှိသည်။

Source: Bangkok Post