သီပေါမြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအား SSPP/SSA မှ စားနပ်ရိက္ခာနှင့် ငွေကြေး ကူညီထောက်ပံ့

သီပေါမြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအား SSPP/SSA မှ စားနပ်ရိက္ခာနှင့် ငွေကြေး ကူညီထောက်ပံ့
ဇူလိုင် 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများအား စားနပ်ရိက္ခာနှင့် ငွေကြေးများ ကူညီထောက်ပံပေးကြောင်း ရှမ်းပြည်တပ်မတော် SSPP/SSA ထံမှ သိရသည်။

သီပေါမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများအား ရှမ်းပြည်တိုးတက်ရေးပါတီ၊  ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဇူလိုင်လ (၁၇) ရက်နေ့တွင် ငွေကျပ် (၁၀၅) သိန်းနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံပေးခဲ့ကြောင်း သိရသည်။

စစ်ကာင်စီနှင့် ညီနောင်မဟာမိတ်ဖြစ်သည့် TNLA ၊ MNDDA တို့ကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့နှင့် မိုင်းခေးကျေးရွာ ဘုန်းကြီးကျောင်းထွက်ပြေး ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း (၉၄၄)ဦးအား ကူညီထောက်ပံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် နေရပ်ဒေသအသီးသီးမှ ထွက်ပြေးလာရသည့်အတွက် စားဝတ်နေရေးအခက်အခဲရှိနေသဖြင့် ဆန် (၁၀၅) အိတ်၊ မြေပဲဆီ (၁၁)ပုံးနှင့် ကြက်ဥ (၁၁)ကပ်နှင့် ငွေကျပ် (၁၀၅)သိန်းတို့ကို စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီများအား ပေးအပ်ခဲ့ကြောင်း SSPP/SSA မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

ညီနောင်မဟာမိတ်ဖြစ်သည့် TNLA နှင့် MNDDAတို့ အနေဖြင့် စစ်ကောင်စီကို တစ်ဖက်သက် အပစ်ရပ်ဆဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများဆက်လက် ပြင်းထန်ခဲ့ခြင်းကြောင့် ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၃) သောင်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: SSPP Info