CDM စစ်သားနှင့်ရဲ ၃၈ ဦးအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ပြည်သူ့ပန်းတိုင် ထောက်ပံ့ကူညီ

CDM စစ်သားနှင့်ရဲ ၃၈ ဦးအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ပြည်သူ့ပန်းတိုင် ထောက်ပံ့ကူညီ

CDM စစ်သားနှင့် ရဲ (၃၈) ဦးကို ပြည်သူ့ပန်းတိုင်အဖွဲ့က ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ထောက်ပံ့ကူညီပေးကြောင်း သိရသည်။

CDM စစ်သား၊ ရဲများအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) လျှောက်ထားမှုအတွက် ကုန်ကျစရိတ် အကူအညီပေးနိုင်ရန် ပြည်သူ့ပန်းတိုင်အဖွဲ့က ၂၀၂၄ အောက်တိုဘာလအတွင်းက လျှောက်လွှာများခေါ်ယူခဲ့ပြီး နိုဝင်ဘာအတွင်း၌ CDM စစ်သားနှင့်ရဲ (၃၈)ဦးကို ရွေးချယ်ကာ ပထမအကြိမ် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေအကန့်အသတ်ရှိသည့်အတွက် လျှောက်ထားလာသူ တစ်ရာကျော်ထဲမှ တော်လှန်ရေး၌ တထောင့်တနေရာမှ ဆက်လက်ပါဝင်လှုပ်ရှားနေသူ၊ မိသားစုဦးရေများပြီး အလုပ်အကိုင်မရှိသေးသူ၊ CDM စစ်သားနှင့် ရဲများကို စိစစ်ရွေးချယ်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု ထောက်ပံ့မှုတွင် လူသစ် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် အခြေခံသတ်မှတ်ထားသော ကုန်ကျစရိတ်ကို ပြည်သူ့ပန်းတိုင်မှ ပေးအပ်သွားမည်ဖြစ်ပြီး ချိတ်ဆက်လျှောက်ထားမှုအတွက် ကိုယ်တိုင်လုပ်ဆောင်ရမည်ဟု ဆိုသည်။

ပန်းရောင်ကတ်လျှောက်ထားမှုတွင် ရွေးချယ်မခံရသူများကိုလည်း လုံခြုံရေးထောက်ပံ့မှု နှင့် အခြေခံရိက္ခာများကို ကူညီပေးခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံအစိုးရက အလုပ်သမား လူသစ်မှတ်ပုံတင်ခွင့်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ခွင့်ပြုလိုက်ပြီး ယခု လာမည့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်သည့် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရန် နာမည်စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း စစ်တပ်က နည်းမျိုးစုံဖြင့်ထွက်လာသည့် CDM စစ်မှုထမ်းများကို အကူအညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ပြည်သူ့ပန်းတိုင် - People's Goal