ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ်အားလုံးကို ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သော်လည်း ကုန်ပစ္စည်းအဝင်၊ အထွက်မရသေးဟု KIO ထံမှ သိရသည်။
တရုတ်နယ်စပ်မှ ကုန်သွယ်ရေးဂိတ်များကို KIA နှင့် တရုတ်နိုင်ငံတို့ နှစ်ဘက်အပြန်အလှန်ပိတ်ထားပြီးနောက် ယနေ့တွင် KIA ဘက်က ပြန်လည်ဖွင့်ပေးနေသည့် ရုပ်သံဖိုင်များထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ကြားတာကတော့ ဖွင့်တယ်ဆိုတာကတော့ ဂိတ်က ဝါးလုံးတွေ ဘာတွေဖွင့်တာလောက်ပဲရှိတယ်လို့ ပြောတယ်။ လူတွေနဲ့ ကားတွေ ကုန်ပစ္စည်းတွေ တခြားဘာမှတော့ အဝင်၊ အထွက်တော့ ခွင့်မပြုသေးဘူးလို့ ကြားတယ်။ ဘာကြောင့်ဖွင့်တယ်ဆိုတာလည်း ကျွန်တော်တို့ မကြားရပါဘူး။ လောလောဆယ်ကတော့ တစ်ဖက်က ဂိတ်တွေ ဘာတွေကတော့ ဖွင့်ပေးမလား။ လူတွေသွားလာတာ၊ ကားတွေ၊ ကုန်ပစ္စည်းတွေ အဝင်အထွက်ကတော့ ဘာမှမရဘူးလို့ပြောတယ်။ အဲဒီလောက်ပဲ ကြားပါတယ်။”ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Tachileik News Agency ကိုပြောသည်။
KIA သည် နယ်စပ်ဂိတ်များကို စတင်ထိန်းချုပ်စဉ်က တရုတ်လုပ်ငန်းရှင်များ၏ ကုန်စည်များနှင့် ကားများကို တရုတ်နိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာနိုင်ရန် ဂိတ်ဖွင့်ပေးခဲ့ဖူးသည်။
KIA သည် ကချင်ပြည်နယ်အတွင်းက အကြီးဆုံးနယ်စပ်ဂိတ်များဖြစ်သော လွယ်ဂျယ်၊ ကန်ပိုက်တီဂိတ်များအပြင် တစ်ပိုင်တစ်နိုင်ကုန်သွယ်နိုင်သည့် ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စသော နယ်စပ်ဂိတ်ပေါက်အားလုံးကိုလည်း ထိန်းချုပ်ထားသည်။
အဆိုပါဂိတ်များမှ ပန်ဝါ၊ ဖီမော်နှင့် မိုင်ဂျာယန်ဂိတ်များမှာ မြေရှားသတ္တုကို တရုတ်နိုင်ငံအတွင်းသို့ အဓိကတင်ပို့နေသည့် ဂိတ်များဖြစ်ပြီး လွယ်ဂျယ်နှင့် ကန်ပိုက်တီဂိတ်များမှာ မြန်မာ-တရုတ် တရားဝင်ကုန်သွယ်ရေးအတွက် အသုံးပြုသည်ဟု သိရသည်။
KIA သည် အထူးဒေသ(၁)တစ်ခုလုံး၏ နောက်ဆုံးကျန် ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ(၂၀)ရက်နေ့က အပြီးသိမ်းပြီးနောက် အထူးဒေသ(၁)အား ဖျက်သိမ်းလိုက်ကြောင်း တစ်ပတ်အကြာတွင် ကြေညာသည်။
ထို့နောက် ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေချိန် တရုတ်နိုင်ငံက ဖိတ်ကြားသဖြင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့သည် တရုတ်နိုင်ငံသို့ ဒီဇင်ဘာလ(၉)ရက်နေ့က သွားရောက်နေသည်ဟုလည်း သိရသည်။
#TachileikNewsAgency
Video : Dr. Tu Hkawng