မကွေးတိုင်း ကျောက်ထုနှင့် ဆောမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ကစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပြီး ရေနစ်မြုပ်နေကာ သားအမိနှစ်ဦး ရေစီးနှင့်မျောပါသွားရာ ကလေးရုပ်အလောင်းကို ပြန်တွေ့ပြီး မိခင်ဖြစ်သူ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းတောင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကျောက်ထုမြို့ရှိ ချောင်းခွ၊ လယ်ကြီးအိုင်၊ တောင်ဇလပ် စစ်ရှောင်စခန်းနှင့် ဆောမြို့မှ မြိုင်ရိပ်ဝေ စစ်ရှောင်စခန်းတို့ ရေနစ်မြုပ်နေခြင်းဖြစ်ပြီး တောင်ကျချောင်းရေကြောင့် သားအမိနှစ်ဦး ရေစီးနှင့်မျောပါသွားရာ ကလေး၏ ရုပ်အလောင်းကို ပြန်တွေ့ပြီး မိခင်ဖြစ်သူ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဖြစ်စဉ် လယ်ကြီးအိုင်စစ်ရှောင်စခန်းမှာဖြစ်တာပေါ့။ စစ်ရှောင်တွေကလည်း မြို့ပေါ်မှာ မနေနိုင်ဘူး။ စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲချနေတာ။ ဆောမြို့တွင်းကျတော့လည်း တစ်ရက်အိပ်ခ တစ်သောင်းတောင် စီးပွားရေးဆန်နေကြတော့ ရွာတွေဘက်မှာ တဲထိုးပြီး စစ်ရှောင်နေကြရတာ။”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ရေတိုက်စားမှုကြောင့် လယ်ကြီးအိုင်နှင့် ကံချောင်းကျေးရွာကြား ကျောက်ထု-ဆော ကားလမ်းရှိ ဒေသအခေါ် သံဘောင်တံတားချင်းကပ်လမ်းမှာ ပဲ့ကျသွားကာ ကားနှင့် ဆိုင်ကယ်များ သွားလာရေးခက်ခဲနေသည်ဟု သိရသည်။
“စစ်ကောင်စီက မင်းတပ်ကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်မယ်ဆိုပြီး တစ်မြို့လုံးကို မိုင်းထောင်ပြီး အင်အား (၆၀၀)လောက်နဲ့ပတ်ပြေးနေတာ။ ပြီးရင်နေ့တိုင်းဗုံးလာကြဲတယ်။ ဒေသခံတွေလည်း စစ်ရှောင်ကြရင်း ချောင်းတွေ၊ မြောင်းတွေ၊ ဂူတွေထဲမှာ စစ်ရှောင်နေကြရတာ။ မင်းတပ်၊ ကန်ပက်လက်နဲ့ မကွေးနယ်စပ်တလျောက်ကို စစ်ကောင်စီက ဗုံးကြဲနေတာ။ စစ်ရှောင်ဦးရေက တစ်သောင်းကျော်လောက်ရှိမယ်ထင်တယ်။”ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့ရှိ နေအိမ်များကိုလည်း ဆက်တိုက်မီးရှို့နေပြီး မိုးမရွာပါက မြို့တဝက်ဆုံးရှုံးနေလောက်ပြီဟုလည်းဆိုကာ လက်ရှိတွင် တောင်ဇလပ်၊ လယ်ကြီးအိုင်နှင့် ချောင်းခွစစ်ရှောင်စခန်းမှ ပြည်သူများ အရေးပေါ်ရိက္ခာ၊ အ၀တ်အထည်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
#TachileikNewsAgency