မှော်ဘီလေတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း မှော်ဘီလေတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Civilian Military SRDF အထူးစစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ရန်ကုန်တိုင်း မှော်ဘီလေတပ် အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ ည (၇)နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Type 63 ရှော့တိုက်ဒုံး (၂)လုံးဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေပြောတာတော့ လေတပ်ထဲကျပြီး ပေါက်ကွဲပြီး လေတပ်မိသားစုတွေ ထွက်ပြေးရတယ်လို့သိရပါတယ်။ ခြံစည်းရိုးကို ကျတာက လေတပ် ဝန်ထမ်းအိမ်ယာနားလို့သိရပါတယ်”ဟု Civilian Military SRDF အထူးစစ်ဆင်ရေး စစ်ကြောင်းတာဝန်ခံ ကိုစောဂျွန်က Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Civilian Military SRDF အထူးစစ်ကြောင်းနှင့် ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း (ဗိုလ်ကောက်ရိုး) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင်နှင့်တကွ မတရားအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ရဲဘော်များအတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Video: Civilian Military SRDF