နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်အား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့က CRC-PLAတပ်ပေါင်းစုဝင် အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို တပြိုင်တည်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် စခန်းအတွင်းရှိ ရဲ(၃)ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးထားသည်ဟု သတင်းထွက်နေကြောင်း ၎င်းတပ်ဖွဲ့က ဆိုသည်။

“ထိခိုက်မှုကတော့ ရှိနိုင်ပါတယ်။ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းက တွဲလျက်ပါ။ အမြဲတမ်းနေတဲ့ ရဲစခန်းဆိုတော့ အင်အားကတော့ ရဲစခန်းတစ်ခုရဲ့ အင်အားအတိုင်းအတာတခုအထိတော့ ရှိထားတယ်ဗျ။ အတိအကျတော့ ကျွန်တော်တို့ မသိထားဘူးဗျ။”ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ရှိ ဘန်ကာ၊ ဂတ်စာရေးတဲ၊ စခန်းမှူးရုံးခန်းတို့ကို အဓိကထားပြီး စခန်းဝန်းတခုလုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး အနီးရှိဒေသများကို အင်အား(၆၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ရှာဖွေခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းတွင်လည်း နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာမှ စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး၊ လက်နက်ကိုင် ပျူစောထီး ကျော်မင်းစိုး ဆိုသူကို အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက ၎င်း၏နေအိမ်အတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

VIDEO : အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု