လားရှိုးမြို့အထွက်ရှိ ခမရ ၅၀၇ တပ်စခန်းကို MNDAA သိမ်းပိုက်သည့်ရုပ်သံထွက်ပေါ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်ရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၇) တပ်စခန်းအား MNDAA က သိမ်းပိုက်ပြီးနောက် အလံလွှင့်ထူနေသည့် ရုပ်သံဖိုင်ထွက်ပေါ်လာသည်။

ခမရ(၅၀၇)ကို ဇူလိုင်လ (၇)ရက်နေ့တွင် စစ်ကောင်စီတပ်များ ဆုတ်ခွာခဲ့ပြီး ဇူလိုင်လ (၈)ရက်နေ့တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု စစ်ကောင်စီလော်ဘီများက ဖော်ပြခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့တွင်မူ MNDAAက ခမရ(၅၀၇)အတွင်း၌ ကိုးကန့်တပ်မတော်အလံကို လွှင့်ထူလိုက်သည့် ရုပ်သံထွက်ပေါ်လာခြင်းဖြစ်သည်။

ခမရ(၅၀၇)တပ်အတွင်းရှိ အဆောက်အဦးများ လုံးဝပျက်စီးသွားသည်ကို ရုပ်သံဖိုင်တွင် မြင်တွေ့ရပြီး ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့တွင်မူ (၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ လုံး၀လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ 

ထို့အပြင် လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်ဟုလည်း MNDAA က ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မတ္တရာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

#TachileikNewsAgency

Video : ကချင်တောင်တန်း(MTK)