စစ်ကောင်စီတပ်များနှင့် လွိုင်ကော်-မိုးဗြဲလမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲရုပ်သံထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်-မိုးဗြဲ လမ်းမကြီး တစ်လျှောက်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား ဇူလိုင်လ(၂၈)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရုပ်သံမှတ်တမ်းအား KNDFတပ်ရင်း(၁၄)က ယနေ့ သြဂုတ်လ (၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကရင်နီပူးပေါင်းတပ်များနှင့် ဇူလိုင်လ (၂၈)ရက်နေ့ထိ လမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇူလိုင်လ (၂၄)ရက်နေ့နှင့် (၂၅)ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်သို့ ဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား KA၊ KNDF B/02 ၊ KNDF B/14၊ KNDF B/12၊ KNDF ETDနှင့် Loikaw PDFတို့ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ပြီး နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၅)လက်၊ MA-2 စက်ကလေး (၁)လက်၊ MA-3 (၂)လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များနှင့်  အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကာ စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။ 

 

ထို့အပြင် စစ်ကောင်စီတပ်များမှာ ဖယ်ခုံ-မိုးဗြဲ လမ်းမကြီးမှတစ်ဆင့် လွိုင်ကော်သို့ ဦးတည်၍ စစ်ယာဥ်တန်းကားများဖြင့် အင်အားဖြည့် ဝင်ရောက်ခဲ့ရာတွင်လည်း မိုးဗြဲမြို့အထွက် လမ်းမကြီးတလျှောက်တွင် KNDF B/03နှင့်အတူ မိတ်ဖက်တပ်ဖွဲ့များမှ ကြားဖြတ်၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်များမှ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးအားအသုံးပြု၍ စစ်ယာဥ်တန်းကားများအပြင် အရပ်သားကားများဖြင့် အသွင်ယူကာ ဝင်ရောက်ခဲ့ပြီး အဆိုပါ လမ်းမကြီးတစ်လျှောက်တွင် ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုများ ဆက်၍ ပြုလုပ်လျက်ရှိနေသေးသောကြောင့် ပူးပေါင်းတပ်များနှင့် ထိတွေ့မှုများ ရှိနိုင်သည့်အတွက် အဆိုပါ လမ်းမကြီးအား အသုံးပြု၍ သွားလာနေကြသော ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့် လုံခြုံရေးအား အလေးထား သွားလာကြရန် အသိပေးထားသည်။

#TachileikNewsAgency

Video :KNDF/B-14