ပခုက္ကူ-မြစ်ခြေလမ်းခွဲအနီးတွင် အစည်းအဝေးသွားတက်သည့် ပျူစောထီးကား ပစ်ခတ်ခံရကာ တိမ်းမှောက် 

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ -မြစ်ခြေလမ်းခွဲအနီးတွင် အစည်းအဝေးလာတက်သည့် ပျူစောထီးယာဉ်ကို တော်လှန်ရေးတပ်က ပစ်ခတ်ရာ ယာဉ်တိမ်းမှောက်သွားပြီး ပျူစောထီး (၈)ဦး သေဆုံးသည်ဟု မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူ -မြစ် ခြေလမ်းခွဲရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင် အနီးတွင် အောင်သာရွာပျူစောထီးစခန်းမှ ပခုက္ကူတပ်မ(၁၀၁)သို့ အစည်းအ‌ဝေးသွားသော အင်အား (၁၁)ဦးပါ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်ရာတွင် အောင်သာရွာပျူစောထီးစခန်းမှ ဒုတိယခေါင်းဆာင် နိုင်ဝင်းနှင့် တပ်မ(၁၀၁)မှ ပျူစောထီးသင်တန်းဆရာအပါအဝင် (၈)ဦးသေပြီး ၎င်းတို့စီးလာသောကားလည်း တိမ်း‌မှောက်သွားသည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ် စစ်ကူရောက်လာခြင်းကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာ လိုက်ရကာ ကားကို တပ်မ(၁၀၁)မှ စစ်ကောင်စီတပ်က ကရိန်းကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။

ထို့အပြင် ပခုက္ကူမှ မြိုင်မြို့နယ်ဘက်ကို ရိက္ခာလာပို့သော အင်အား(၂၀၀)ဝန်းကျင်ပါ စစ်ကောင်စီယာဉ်တန်းကိုလည်း မြိုင်-ပခုက္ကူ လမ်းပိုင်းတနေရာ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်သည်ဟု သိရသည်။

တိုက်ခိုက်မှုများကို ပကဖ အမှတ် (၁)တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင်အမှတ်(၂၊၆၊၇)တပ်ရင်းများ၊ PPDF၊ PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့၊ အရှေ့ပိုင်းဇုန်ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: မြိုင်-ပကဖ