ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ သတင်းမှားထုတ်ထားသည့် စစ်ကောင်စီက ဖြစ်စဉ်မှန်ကို မထုတ်ပြန်ဘဲ မြေပြင်အခြေအနေကို စစ်ဆေးအရေးယူမည်ဟု ၎င်းတို့၏ ဝါဒဖြန့် သတင်းဌာနများတွင် ယနေ့ သတင်းဖေါ်ပြလာသည်ကို တွေ့ရသည်။
အဆိုပါ ဝါဒဖြန့်သတင်းဌာနများ၏ ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ သတင်းတွင် မြေပြင်တွင် ကွဲလွဲနေသည့်အချက်အလက်များအား စစ်ဆေး၍ အရေးယူမှုများ လုပ်သွားမည်ဟု ဆိုထားခြင်းဖြစ်သည်။
ရွှေကျင်ဂိုဏ်းအစည်းအဝေးသွားတက်သည့် ဝင်းနိမ္မိတာရုံဆရာတော် လိုက်ပါလာသည့်ကားကို မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း PDF များက မိုင်းဆွဲ၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများက ဖြစ်စဉ်ဖြစ်ပွားသည့် ဇွန်လ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီသတင်းဌာနများ၏ သတင်းဖေါ်ပြချက်တွင် ဆရာတော်၏ကားကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်းကို PDF များက မိုင်းဆွဲ၊ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုခိုင်းထားသည့် ရုပ်သံဖိုင်ကိုပါ ထည့်သွင်းဖေါ်ပြခဲ့ကြခြင်းဖြစ်သည်။
သို့သော် တိုင်းသာသနာရေးဦးစီးဌာနက ယင်းနေ့တွင် တင်ပြသည့် ထူးခြားဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း တင်ပြထားသည်ကို တွေ့ရသည်။
ယင်းအပြင် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်အတူ ကားပေါ်တွင် လိုက်ပါသွားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းတွင် ဖြစ်စဉ်နှင့်ပတ်သက်သည့် ရှင်းလင်းမိန့်ကြားမှုတွင်လည်း စစ်ကောင်စီတပ်သုံး FAW ကားပေါ်က ပစ်ခတ်ခဲ့သည့်အပြင် ကန်သုံးဆင့်ဆရာတော်အားလည်း မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်တွင် ခေါ်ယူ၍ အကြိမ်ကြိမ်စစ်မေးခဲ့ကြောင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီသည် ဆရာတော်၏ ကားမောင်းသမားကိုပါ ရုပ်သံရိုက်ကူးကာ လိမ်လည်ခိုင်းခဲ့ပြီးနောက် ဖြစ်စဉ်မှန်ပေါ်ပေါက်လာရာတွင် ဖြစ်စဉ်အမှန်ထုတ်ပြန်ခြင်း မပြုလုပ်သေးဘဲ ဖြစ်စဉ်ကို စစ်ဆေး၍ အရေးယူမည်ဟု ဝါဒဖြန့်သတင်းဌာနများမှ တစ်ဆင့် သတင်းထုတ်လာသည်ကို တွေ့ရခြင်းဖြစ်သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး အရှင်မုနိန္ဒာဘိဝံသ လိုက်ပါလာသည့် ကားက စစ်ကောင်စီတပ်၏ FAW ကားအနီးမှ မောင်းနှင်စဉ် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရပြီး ကားကိုကျည်(၈)ချက်ထိမှန်သည်ဟု ကန်သုံးဆင့်ဆရာတော်က ထုတ်ဖော်မိန့်ကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ နေရာတွင် ပျံလွန်တော်မူသွားပြီး ကန်သုံးဆင့် ဆရာတော်တွင် ဦးခေါင်းဒဏ်ရာ၊ ယာဉ်မောင်းမှာ လက်သုံးချောင်းပြတ်ထွက်သွားသည့်အပြင် အခင်းဖြစ်နေရာ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကာ ဖုန်းများလည်း အသိမ်းခံလိုက်ရကြောင်း သိရသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်ပြီး ဆရာတော်ကြီး၏ ကျောင်းတိုက်အနီးတွင်လည်း လုံခြုံရေးအပြည့်ချထားသည်ဟု သိရသည်။
၎င်းတို့၏ ဝါဒဖြန့်သတင်းဌာနများကလည်း ဖြစ်စဉ်အား သတင်းမှား ထုတ်လွှင့်ခဲ့ကြောင်း ဖေါ်ပြခြင်းမရှိသည့်အပြင် ယနေ့ ထပ်မံဖေါ်ပြသည့်သတင်းတွင်လည်း ဖြစ်စဉ်မှန် မဖေါ်ပြဘဲ မြေပြင်အခြေအနေများကို စစ်ဆေးအရေးယူမည်ဟု ဖေါ်ပြလာခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆရာတော်ကြီးအား ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်သတင်း တင်ပြခဲ့သည့် တိုင်းသာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများကိုလည်း စရဖက ဖမ်းဆီးစစ်ဆေးနေသည်ဟု DVB သတင်းဌာနက သတင်းဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။
ဆရာတော်သည် ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေ ကျင်နိကာယဗဟိုဌာန)တွင် ယနေ့ပြုလုပ်မည့် အစည်းအဝေးအတွက် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွခဲ့ပြီးနောက် လေဆိပ်မှ ကားဖြင့်ထွက်လာခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသွားရာလမ်းတွင် ကန်သုံးဆင့်ဆရာတော်၏ ဇာတိ ငါန်းဇွန်မြို့နယ်ကိုဝင်ရာ မြို့သာနှင့် ပန်းချီကမ္မကျေးရွာကြား၌ စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency