နွားထိုးကြီးမြို့နယ်အတွင်း ဂိတ်ဖွင့်၍ ပြည်သူများအားစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း ဂိတ်ဖွင့်၍ ပြည်သူများအား စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း နွားထိုးကြီး(ပကဖ) မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နွားထိုးကြီး-ပြင်စည်လမ်းပိုင်း ပြင်စည်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ခန့်သည် ခက်လန်း-တတ်စည်ကျေးရွာအနီးတွင် ဂိတ်ချ၍ ပြည်သူများအား စစ်ဆေးမှုပြုလုပ်နေသည့်အတွက် ယနေ့ မေလ (၂၃)ရက်နေ့ မနက် (၉)နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီး (၃)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နွားထိုးကြီး (ပကဖ)မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ နွားထိုးကြီးမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Video : နွားထိုးကြီး(ပကဖ)