မောင်တောရှိ WFP ဂိုဒေါင်ကို စစ်ကောင်စီမီးရှို့သည့်ရုပ်သံ AA ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချိုအား ၂၀၂၄ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကာ ဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များသယ်၍ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေသည့် ရုပ်သံမှတ်တမ်းအား အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

WFP ဂိုဒေါင်အား ဖောက်ထွင်းပြီး ပစ္စည်းများကိုယူကာ မီးရှို့ရာတွင် စစ်ကောင်စီအဖွဲ့များနှင့်အတူ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်များလည်းပါဝင်နေသည်ဟု သိရသည်။

ဘူးသီးတောင်မြို့ရှိ WFP ၏ ဂိုဒေါင်နှင့် MSF ၏ ဆေးဂိုဒေါင်များကိုလည်း ပြီးခဲ့သည့် ဧပြီလ (၁၅)ရက်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။

မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း ဝိုင်းရံ ပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကာ စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ် အသုံးပြု၍ မြိုပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု AAက ဇွန်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ လက်ကျန်စခန်းများအားလုံးကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တောဒေသခံများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးထားသည်။  

ထို့အပြင် မောင်တောဒေသခံများအနေဖြင့် ဇွန်လ (၁၆)ရက်နေ့မှစတင်ပြီး မောင်တောမြိုအတွင်းမှ အမြန်ဆုံး ထွက်ခွာကြရန်လည်း AA က အသိပေးထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

Video : AA Info Desk