ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပေါင်(၅၀၀)ဗုံးများ ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည် ။
လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်(၃)နာရီဝန်းကျင်တွင် ပေါင်(၅၀၀)ဗုံးများကြဲချတိုက်ခိုက်သွားပြီး တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုအခြေအနေကို မသိရသေးဘူးဟု ဒေသခံတစ်ဦးက ပြောသည်။
“ဗုံးကအရမ်းပြင်းထန်တယ်။ အပင်ကြီးတွေပါ အမြစ်က ကျွတ်ထွက်သွားတယ်။ ဗုံးကျတာက တရုတ်-မြန်မာနယ်စပ်ကိုကျတာ။ ဘယ်နားကျတယ်ဆိုတာတော့ MNDAA ဘက် ထုတ်ပြန်ပါလိမ့်မယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
နောင်ချိုမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က မနက်(၅)နာရီခွဲဝန်းကျင်တွင် ပေါင်(၅၀၀)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာ သားအဖ(၃)ဦး သေဆုံးသည်ဟု ကနဦးသတင်းသိရသည်။
“ဗုံးကြဲချပြီး အခုဖုန်းလိုင်းတွေပါ ပြတ်တောက်သွားပြီ။ တစ်လုံးက တောင်ရပ်ကွက် ငွေလမင်းလမ်းကြားနားကို ကျတာ။ အဲဒီမှာ သားအဖ(၃)ဦး သေဆုံးတယ်။ နောက်တစ်လုံးက ဘူတာရပ်ကွက် ဘုန်ကြီးကျောင်းရှေ့က အိမ်ကိုကျတာ။ အဲဒီမှာတော့ လူမထိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြီးခဲ့သည့်နေ့ကလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အင်းဖိုရွာလည်း ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သိရသည်။
#TachileikNewsAgency
Video: De No