အရက္ခတပ်တော်(AA)၏ ထိုးစစ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိနေချိန် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၌ ဝန်ထမ်းများနှင့်အတူ အထူးနေ့လယ်စာစားသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။
စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့်အတူ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က နေ့လယ်စာစားသည်ဟု ဆိုသည်။
"ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုသည်။"ဟု စာရင်းစစ်ချုပ်ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကပြောသည်။
ထို့အပြင် ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း စည်းလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြောဆိုသည်ဟု သိရသည်။
ထို့နောက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွားပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဓိကကျကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် အချင်းချင်းစည်းလုံးကာ တပ်ဖွဲ့စိတ်ရှိရန်လိုကြောင်း ပြောဆိုသည်။
"ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်ရန်အတွက် တပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုသဖွယ် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်။"ဟု ပြောဆိုသည်။
ထို့နောက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ ဂစ္ဆပခန်းမ၌ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာစားကြသည်ဟု ဆိုသည်။
AA သည် အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ စခန်းအားလုံးသိမ်းထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုသာ ကျန်တော့သည်ဟု ဒီဇင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် တပ်စွဲစခန်းချ စခန်းပေါင်း (၃၀)ကျော်ရှိသည့်အနက် ဌာနချုပ်တစ်ခုသာ သိမ်းရန်ကျန်တော့သည်ဟု ဆိုသည်။
စစ်ကောင်စီက ရခိုင်ရိုးမဘက်မှ ရဟတ်ယာဉ်များဖြင့် စစ်ကူအကြိမ်ကြိမ်ပို့ဆောင်ပြီး အင်အားဖြည့်တင်းရန် ကြိုးစားသော်လည်း ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့ခြင်းကြောင့် သုံးရက်အတွင်း စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ကျဆုံးသွားသည်ဟု ဆိုသည်။
ထို့အပြင် ဂွမြို့နယ်ဘက်တွင်လည်း စစ်ကူတက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ (၂၄)ရက်နေ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်း (၁၂၀)ကျော်၊ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ဖော်ပြသည်။
အဆိုပါစခန်းသည် မောင်တောမြို့တွင်လည်း စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခုသာဖြစ်သည်ဟု သိရသည်။
အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ နေ့စဉ် ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
AA သည် တရုတ်စီးပွားရေးများရှိရာ ကျောက်ဖြူ၊ မာန်အောင်နှင့် မြို့တော် စစ်တွေတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခြင်းမရှိသေးပေ။
#TachileikNewsAgency