ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၆ ဦး သေဆုံး

ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ (၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း Tigyaing Revolution-TR ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲနှင့် (၃)နာရီကြားတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ မောင်းကုန်းရွာရှိ ပိပိရိရိဆိုင်ရှေ့နှင့် ဇာခြည်ဦးဆိုင်ရှေ့သို့  ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပိပိရိရိဆိုင်ရှေ့သို့ကျသောဗုံးသီးမှာ ဆီပေပါများတင်ထားသော ကားပေါ်ကျကာ ဒေသခံ(၆)ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများသည်ဟု သိရကာ ၎င်းနေရာသည် ဈေးအနီးဖြစ်ပြီး စစ်ရေးပစ်မှတ်များမရှိဘဲ အရပ်သားများရှိသောနေရာဖြစ်သည်ဟု သိရသည်။

"ဒီနေ့တော့ ကသာဘက် ကြဲနေတာပါဗျ။ သင်္ဘောလမ်းကြောင်းရှိရာပေါ့။ အသေးစိတ်ကတော့ မသိရသေးဘူးဗျ။"ဟု  Tigyaing Revolution-TR မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

သေဆုံးသူများမှာ မည်သူများဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေကို သက်ဆိုင်ရာတပ်ဖွဲ့များထံ Tachileik News Agency အနေဖြင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ယမန်နေ့က ထီးချိုင့်မြို့အနီး ထီးချိုင့်နှင့် မြတောင်ကြားတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၂)စီးကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမူ ထီးချိုင့်မြို့သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာပြီဟု ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency