နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထွက်ရန် ရှေ့ပြေးဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထွက်ရန် ရှေ့ပြေးဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ကျောက်ခွက်ရွာမှ စစ်ကောင်စီစစ်ကြောင်းထွက်ရန် ရှေ့ပြေးဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း-၃၈၀၁၊ တပ်ခွဲ(၂) PHOENIX D F မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နတ်တလင်းမြို့နယ် ကျောက်ခွက်ရွာမှ ထွက်လာသည့် ပျူစောထီး ရှေ့ပြေးဆိုင်ကယ် (၂)စီးအား လယ်မအင်း ပန်းပဲဖိုနှင့် လျှော်ဖြူခင်းကြားတွင် ဇူလိုင်လ (၁၃)ရက်နေ့ ညနေ ငါးနာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PHOENIX D F မှ ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် နောက်မှလိုက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်းပြီး လမ်းသွားလမ်းလာများအား ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ သွားရေး၊လာရေး အခက်တွေ့လျှက်ရှိကြောင်း PHOENIX D F မှ ဆိုသည်။

သာယာဝတီခရိုင်အတွင်း စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ပြည်သူလူထုအား နှောင့်ယှက်သည့်လုပ်ရပ်များ ဆက်လက်၍ လုပ်ဆောင်နေပါက နည်းမျိုးစုံနှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း PHOENIX D F မှ အသိပေးထားသည်။

#TachileikNewsAgency