တောင်သာမြို့နယ်အတွင်း စစ်ကောင်စီ၏ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်နှင့် သာသနိကအဆောက်အဦးများ ပျက်စီး

တောင်သာမြို့နယ်အတွင်း စစ်ကောင်စီ၏ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်နှင့် သာသနိကအဆောက်အဦးများ ပျက်စီး

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီ၏ စက်တပ်လေထီးများဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးရွာနှင့် အေးကြင်းရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ရပြီး သာသနိကအဆောက်အဦးများလည်း ပျက်စီးသွားသည်ဟု သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့ နံနက်အစောပိုင်း (၁)နာရီခွဲကျော်တွင် စစ်ကောင်စီ၏ စက်တပ်လေထီး (၂)စီးသည် ဇရပ်ကြီးကျေးရွာကို ‌ဗုံးသီး(၈)လုံးချ တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးသွားသည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့ မတ်လ (၁၀)ရက်နေ့ နေ့လယ်(၃)နာရီခွဲဝန်းကျင်တွင် အေးကြင်းကျေးရွာ ဘုရားဝန်းအတွင်းရှိ ဓမ္မာရုံအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

တောင်သာမြို့နယ် အေးကြင်းရွာဘုရားဝန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းကြောင့် ဘုရားဝန်းနှင့် ဓမ္မာရုံကျောင်းဆောင်တို့ ပျက်စီးသွားပြီး ဘုရားဝန်းအတွင်းသို့ ရောက်နေသော (၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရသည်ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုကာ ပြည်သူများနေထိုင်ရာများအား ဗုံးသီးချတိုက်ခိုက်ခြင်းများရှိသောကြောင့် လေယာဉ်သံ၊ စက်တပ်လေထီးသံကြားပါက ဗုံးခိုကျင်းများအတွင်း ပုန်းခိုနေထိုင်ကြရန်လည်း တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

မတ်လ(၄)ရက်နေ့ကလည်း စစ်ကောင်စီလေတပ်သည် တောင်သာမြို့နယ် နတ်စောင့်ရွာကို ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်(၃၀)လုံးခန့် မီးလောင်ပျက်စီးသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ (၁၀)နှစ်အောက် ကလေးငယ်(၂)ဦးအပါအဝင် အရပ်သား(၆)ဦးသေဆုံးကာ (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo:တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အေးကြင်းရွာဘုရားဝန်းအတွင်းမှ ထိခိုက်ပျက်စီးနေမှုမြင်ကွင်း)