နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် အရေးတကြီး တောင်းဆိုသည်ဟု ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါမှုခင်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား အရေးတကြီး တောင်းဆိုထားခြင်းဖြစ်သည်။
တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်းထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဆိုသည်။
ထိုမှသာ ဆိုက်ဘာရာဇ၀တ်မှုနှင့် လူသားအပေါ် အမြတ်ထုတ်ခြင်းဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည်ထူထောင်နိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံကို ဒေသတွင်း ပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချသည်ဟုလည်း ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေးအတွက်သာ အာရုံစူးစိုက်လုပ်ကိုင်လျက်ရှိရာ အရေးကြီးသော အဆိုပါပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းတို့ကို တွေ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများအပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာလိမ်လည်မှုများမှာ သိသိသာသာ များပြားလာသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်ကြသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP–AD)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)နှင့် မြန်မာနိုင်ငံရှိ အခြား အဖွဲ့အစည်းများက တောင်းဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင် BGF ထိန်းချုပ်ရာ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသတွင် ကျားဖြန့်လုပ်ငန်းများကြီးစိုးနေပြီး လူကုန်ကူးခံရမှုများဖြစ်ပေါ်နေ၍ ထိုင်းအာဏာပိုင်များက နယ်စပ်တလျောက် အစစ်အဆေး တင်းကြပ်ထားရသည်။
#TachileikNewsAgency
#TNA_MAT
Photo: ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက တရုတ်နိုင်ငံကို လွှဲပြောင်းပေးစဥ်(ပုံဟောင်း)