နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်ရန် အထူးလိုအပ်နေကြောင်း NUG ယာယီသမ္မတပြော

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်ရန် အထူးလိုအပ်နေကြောင်း NUG ယာယီသမ္မတပြော
ဇွန် 4, 2024 | 2021 Military Coup

ပြည်တွင်းတော်လှန်ရေးအင်အားစုအားလုံးမှ စစ်ကောင်စီအား ခုခံတော်လှန်နေချိန်တွင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်ရန် အထူးလိုအပ်နေကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၄) ရက်နေ့ မနက်ပိုင်းတွင်ပြုလုပ်ခဲ့သည့်  အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားပစ်မှတ်နှင့် စစ်ရေးပစ်မှတ် မခွဲခြားဘဲ စစ်ရာဇဝတ်မှုများပြုလုပ်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများ သိရှိနားလည်စေရန် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း NUG ယာယီသမ္မတမှ ဆိုသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုအား အလုံးအရင်းနှင့်သတ်ဖြတ်နေသည့် ကိစ္စသည် ရက်စက်ကြမ်းကြုတ်ပြီး လက်ရှိတွင် စစ်ကောင်စီကို အသက်ရှုကြပ်စေရုံလောက်သာတတ်နိုင်သည့် ပိတ်ဆို့အရေးယူ ဒဏ်ခတ်ခြင်းနှင့် စွတ်စွဲအပြစ်တင် ရှုံ့ချခြင်းများ ဆောင်ရွက်ရုံလောက်ဖြင့် လုံလောက်ခြင်းမရှိတော့ဘဲ မြန်မာပြည်တွင်း၌ အကြမ်းဖက်မှုများ ရပ်တန့်ရန် ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုများကို အထူးလိုအပ်နေကြောင်း ယာယီသမ္မတမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း၌ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များတွင် အစုလိုက် ၊ အပြုံလိုက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေပြီး အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအား နေ့စဉ်ပြုလုပ်နေသည့်အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားနိုင်သည့် လုပ်ဆောင်ချက်များ အလျင်အမြန် လုပ်ဆောင်ဖို့လိုအပ်နေကြောင်း ၎င်းမှဆိုသည်။

ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ အနေဖြင့်လည်း မြန်မာပြည်သူလူထု၏ ဘေးဒုက္ခအခြေအနေကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမည်ဟု မျှော်လင့်ရကြောင်း ယာယီသမ္မတမှဆိုသည်။

အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ်များသည် လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့ရန် အလေးအနက်ထားတိုက်တွန်းရန် လိုအပ်ကြောင်း ၎င်းမှဆိုသည်။

ထို့အပြင် ပြည်သူလူထုအား ကာကွယ်သည့်နေရာတွင် ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးသည် “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရထားရမည်ဖြစ်ပြီး ၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထုသည် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောဆိုခဲ့သည်။

#TachileikNewsAgency