ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း ULF (စစ်ကြောင်း) မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာတွင် (၃) နှစ်ကျော်ကြာ အင်အား (၁၀၀)ခန့်ဖြင့် အထိုင်ချနေသည့် စစ်တပ်နှင့်ပျူစောထီးများအား သြဂုတ်လ (၇) ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး (၂) နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်နှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲချိန် ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုမှု ၊ အောင်ဇေယျကုန်းမှ လက်နက်ကြီးပစ်ကူများ အဆမတန် အသုံးပြုမှုနှင့် ခဲယမ်းမလုံလောက်ခြင်းတို့ကြောင့် စခန်းတစ်ခုလုံး သိမ်းပိုက်ရခါနီးမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း  ULF စစ်ကြောင်းက ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်က တပ်ဖွဲ့ဝင် (၆) ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ULF စစ်ကြောင်း မှ စစ်ကြောင်းမှူး ကိုမင်းဦးစီး၍  BLDF ၊ ဗျူဟာ(၄၆) ယင်းမာပင်ခရိုင်တပ်ရင်း (၁၈၊၂၅၊၃၀၊၃၂)၊ ဗျူဟာ(၄၇) ယင်းမာပင်ခရိုင်တပ်ရင်း (၂၇၊၃၃၊၃၄၊၃၅၊၃၆)၊ ဗျူဟာ(၄၅) ယင်းမာပင်ခရိုင်တပ်ရင်း(၂၁၊၂၂၊၂၃)၊ မုံရွာခရိုင်တပ်ရင်း(၂၀၊၂၃)၊ B 21၊ ဘုတလင်ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ကနီမြို့နယ်(ပကဖ)၊ ဘုတလင် မိုဘိုင်း၊ ရတနာပုံ တပ်ဖွဲ့၊ Salingyi GZ၊ BED ငညို၊ SSTF၊ ဒေါင်းလုလင် ၊ Shadow၊ Chindwin Brother၊ ကိုမင်းနိုင်(ပကဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency