မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအဝင် (၃)မိုင် ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြောင်း မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံမှ သိရသည်။
မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးတွင် အင်အား (၆၀)ဝန်းကျင် ပါရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီခွဲခန့်တွင် လမ်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၀) ဦးခန့် သေဆုံးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရွှေစက်တော်ဘုရားအတွင်း စစ်ကောင်စီတပ်သားများက ပြည်သူလူထုကို အကာအကွယ်ယူကာ စစ်ရေးပြင်ဆင်ခြင်းနှင့် ခရီးသွားလာနေသည့် ပြည်သူလူထံမှ ငွေကြေးများ၊ အဖိုးတန်ပစ္စည်းများ လုယက်ယူဆောင်နေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။
မင်းဘူးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲစခန်းများနှင့် ဝေးရာတွင် နေထိုင်ကြရန်လည်း မင်းဘူးခရိုင် အမှတ် - (၆) တပ်ရင်းက အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုအား မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် (၈) တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း (ပုံဟောင်း)