ရိုဟင်ဂျာများကို နှိပ်ကွပ်မှုနှင့် ပတ်သက်ပြီး လူသားဖြစ်တည်မှုအပေါ် ရာဇဝတ်မှုများ ကျူးလွန်ကြောင်း သတ်မှတ်ခံထားရသည့် မြန်မာ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တင်ပြသွားမည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ရှေ့နေက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများကို နှင်ထုတ်မှုနှင့် နှိပ်ကွပ်မှုတို့အတွက် မင်းအောင်လှိုင်ထံတွင် ရာဇဝတ်မှုအရ တာဝန်ရှိကြောင်း ယုံကြည်ရသည့် အချက်အလက်များရှိ မရှိ ICC တရားသူကြီး (၃) ဦး ပါဝင်သည့် အဖွဲ့က ဆုံးဖြတ်သွားမည် ဖြစ်သည်။
တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက်အတွက် အချိန်ကာလ သတ်မှတ်မထားသော်လည်း များသောအားဖြင့် ထိုကဲ့သို့ ဖမ်းဝရမ်းထုတ်ရန် (၃) လခန့် ကြာမြင့်လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်နှိပ်ကွပ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့မှုအတွင်း မြန်မာစစ်တပ်က ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့ကတည်းက စတင် စုံစမ်းစစ်ဆေးခဲ့ကြောင်း ICC ရှေ့နေ Prosecutor Karim A.A. Khan KC က ထုတ်ပြန်ချက်တွင် ပြောထားသည်။
ကျယ်ကျယ်ပြန်ပြန့်နှင့် လွတ်လပ်ပြီး ဘက်လိုက်မှု မရှိသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများကို နှင်ထုတ်မှုနှင့် နှိပ်ကွပ်မှုတို့အတွက် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ထံတွင် တာဝန်ရှိကြောင်း ယုံကြည်စိတ်ချရသည့် အကြောင်းပြချက်များရှိသည်ဟု ကောက်ချက်ချခဲ့ကြောင်းလည်း ICC ရှေ့နေက ဆိုသည်။
၎င်း၏ ရုံခန်း အဆိုအရ မင်းအောင်လှိုင် တာဝန်ရှိသော ရာဇဝတ်မှုများကို ၂၀၁၇ ခုနှစ် ဩဂုတ်လ (၂၅) ရက်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်အတွင်း ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၊ ရဲနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာနှင့် ရိုဟင်ဂျာ မဟုတ်သော အရပ်သားများအပေါ် ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ICC ရှေ့နေ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
မြန်မာစစ်တပ်က ရိုဟင်ဂျာများကို နှိပ်ကွပ်သည့် ကာလအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ (၇၃၀,၀၀၀) ကျော် ထွက်ပြေးခဲ့ကြရသည်။
Source: ICC, Reuters