လားရှိုးမြို့ကို UWSA တပ်များဝင်ရောက်

လားရှိုးမြို့ကို UWSA တပ်များဝင်ရောက်
ဇူလိုင် 28, 2024 | 2021 Military Coup| ရှမ်းမြောက်

တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA တပ်များက ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ကြောင်း UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးထံမှ သိရသည်။ 

လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများ၏ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ UWSA ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် ဝ ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ယမန်နေ့ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ ဝ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို ဝ ပြည်နယ်က မျှော်လင့်ပါတယ်။”ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းကို MNDAA တပ်များက သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်နေ့ကလည်း တန့်ယန်းမြို့ကို UWSA တပ်က သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ အင်အားထောင်ချီဖြင့် ဝင်ရောက်ခဲ့သည်။

#TachileikNewsAgency