ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ကျောင်းတက်နေသည့် ကျောင်းသား(၂)ဦးတွင် ဇွန်လ(၂၆)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။
ပိုးတွေ့ ကျောင်းသား(၂)ဦးမှာ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဇာလီရွာရှိ အခြေခံပညာမူလတန်းကျောင်း မှ အသက်(၇)နှစ်အရွယ် ကျောင်းသားတစ်ဦး နှင့် အထကခွဲ(သရက်ကုန်း)မှ အသက်(၁၄)နှစ်အရွယ် ကျောင်းသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုများဖြစ်ကြပြီး ယနေ့ ထွက်ပေါ်သည့်အဖြေအရ ၎င်းတို့၏ အသက်(၄၁)နှစ်ရှိ ဖခင်ဖြစ်သူ နှင့် အသက်(၄၁)နှစ်ရှိ မိခင်သူ မှာလည်း Covid-19 ပိုးတွေ့ရကြောင်း သိရသည်။
နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၌ (၇၀)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၁၅)ဦး Covid-19 ပိုးတွေ့ရှိ ခြင်းဖြစ်သည်။
နောက်ချိုမြို့တွင် ယနေ့ ပိုးတွေ့ရသည့် (၁၅)ဦးတွင် ဇာလီကျေးရွာမှ မိသားစု(၄)ဦး အပါအဝင် တောင်ရပ်ကွက်မှ (၃)ဦး၊ ဘူတာရပ်ကွက်မှ (၄)ဦး၊ လုံစံရွာမှ (၂)ဦး၊ ကဲကြီးရွာမှ (၁)ဦး နှင့် စရဖဟု လူသိများသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ)မှ တပ်ဖွဲ့ဝင် (၁)ဦးတို့ ပါဝင်သည်။
နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၌ အသစ်ထပ်တိုးသည့် (၁၅)ဦး အပါအဝင် စုစုပေါင်း Covid-19 အတည်ပြုလူနာ(၁၄၉)ဦးအထိ ရှိနေပြီး အားလုံးမှာ ကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က အခြေခံပညာကျောင်းများအား ဖွင့်လှစ်ရန်ကြိုးစားနေသည့်ကာလအတွင်း COVID 19 ဖြစ်ပွားနေသော်လည်း ကျောင်းများမပိတ်သေးဘဲ ဆက်လက်ဖွင့်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။