စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သဲတောရွာမှ နေအိမ် ၄၀ ဝန်းကျင် ပျက်စီးပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သဲတောရွာမှ နေအိမ် ၄၀ ဝန်းကျင် ပျက်စီးပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ သဲတောကျေးရွာကို စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်(၄၀)ဝန်းကျင် ပျက်စီးသွားပြီး ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရသည်ဟု ဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးလိုသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သဲတောရွာကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးကြဲချခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်က ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်စီးတာတွေတော့ များတယ်။ နေအိမ်ပျက်စီးမှုကတော့ ၄၀ လောက်ပျက်စီးသွားတယ်။ သေဆုံးသူတစ်ဦးနဲ့ ဒဏ်ရာရသူ(၂)ဦးရှိတယ်။”ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် သဲတောရွာကို နိုဝင်ဘာလ (၂၁)ရက်နေ့က တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံး ကြဲချပြီးသည့်နောက် ပခုက္ကူဘက်မှ စစ်ကြောင်း(၂)ကြောင်းပါဝင်သည့် စစ်ကြောင်း(၃)ခုမှ အင်အား(၂၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့်  နံနက် (၇)နာရီခွဲတွင် တိုက်ပွဲစတင်ဖြစ်ပွားကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် Southern YSO PDF ၏ "နတ်မိချောင်း စစ်ဆင်ရေး" စစ်ကြောင်း၊ BNRAနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ ထိုနေ့တွင်ပင် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်သည်ဟု ဆိုသည်။ 

ထိတွေ့မှုဖြစ်ပြီးနောက် ဇီးတောရွာနှင့် ကျောက်ထပ်ရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းများ တက်လာရာ နိုဝင်ဘာလ (၂၂)ရက်နေ့ ညနေ(၅)နာရီတွင် နောက်တစ်ကြိမ် ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်သည်ဟု သိရသည်။

“လေယာဉ်ဗုံးကြောင့် သဲတောကျေးရွာ အိုးအိမ်ပျက်စီးတာပေါ့။ ဇီးတောရွာ၊ ကျောက်ထပ်ရွာကတော့ ခွေးတွေကနေ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တယ်၊ ဖျက်ဆီးတယ်။”ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကြောင့် ဒေသခံများရာနှင့်ချီကာ နီးစပ်ရာတောတွင်းနှင့် ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေရကာ သေဆုံးဒဏ်ရာရသူများ၏ အသေးစိတ် အချက်အလက်များကိုမူ တော်လှန်ရေးတပ်များဘက်က ထုတ်ပြန်ထားခြင်း မရှိပါ။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်ကစပြီး လေကြောင်းတိုက်ခိုက်မှုများ  ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ၂၀၂၄ ခုနှစ်သည် လေကြောင်းတိုက်ခိုက်မှုအကြိမ်အရေ အမြင့်ဆုံးဖြစ်လာသည်။ 

စစ်ကောင်စီလေတပ်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၃၅၄၀)ကြိမ်ထက်မနည်း အသုံးပြုထားပြီး ယခင်နှစ်များထက် သုံးဆကျော်မြင့်တက်လာကာ အရပ်သား(၄၀၀၀)ကျော် ထိခိုက်သေဆုံးထားသည်ဟု ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့၏ သုတေသနစာရင်းများအရ သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF