ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်ရှိ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထီစဲခါးရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် (၂)ပါး ပြင်းထန်ဒဏ်ရာရရှိကြောင်း PNLA ထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီတွင် ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်ရှိ အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ထီစဲးခါးကျောင်းဆရာတော်သည် အပစ်ခံရသည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် (၂)ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကတော့ ထီးစဲးခါးရေတံခွန်ကျောင်းကဆရာတော် ကားနဲ့ ဆီဆိုင်မြို့ဘက်ကို အလာပေါ့နော် ၊ အောင်ကလပ်ကျေးရွာက စစ်ကောင်စီက ဝိုင်းပြီးပစ်လိုက်တာပေါ့ ၊ ဆရာတော်က ပျံလွန်တော်မူသွားတယ်၊ ပြီးတော့ တခြား ဆရာတော် (၂)ပါးလည်း ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာကတော့ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်မှာ ဖြစ်တာပေါ့နော်။ အဲ့ဒီမှာက စစ်ကောင်စီ စိုးမိုးထားတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ အောင်ကလပ်ကျေးရွာဆိုတာလည်း စစ်ကောင်စီစခန်းရှိတဲ့နေရာဖြစ်ပါတယ်။ ဘာအကြောင်းကြောင့် ပစ်ခတ်သွားလဲတော့ မသိဘူးပေါ့နော်။ စစ်ကောင်စီကပစ်သွားတယ်။ ပြီးတော့ စစ်ကောင်စီကပဲ KNDF က လုပ်သလိုလို PDF တွေက လုပ်သလိုလို သတင်းပြန်လွှင့်ထားတာတွေ့တယ်ပေါ့နော်။” ဟု PNLA၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက Tachileik News Agency ကို ပြောသည်။

ယခင်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထီစဲခါးကျောင်းကို ထိမှန်ခဲ့ဖူးပြီး ၊ ဆရာတော်မှ ကျောင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းမပြုရန် စစ်ကောင်စီတပ်ထံသို့ သွားရောက် မေတ္တာရပ်ခံခဲ့ဖူးကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်နေ့ မနက် (၄)နာရီတွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ (၂)စင်းဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ (၂)ရွာကို ဗုံး (၁၄)လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း ကျေးရွာ (၂)ရွာအနက် ကျေးရွာ (၁)ရွာမှ နေအိမ် (၁၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အခုဆိုရင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ပအိုဝ့်ကျေးရွာတွေကို စစ်ကြောင်းတွေ ထိုးနေပြီးတော့မှ လေယာဉ်တွေ ၊ ဒရုန်းတွေ အသုံးပြုပြီးတော့မှ ပြည်သူလူထုတွေ ၊ ရဟန်းသံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတာတွေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာနေပါတယ်”ဟု PNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် နမ့်ယင်ကျေးရွာမှ ဒေသခံ ဖြားလိန်းကို ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department