ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ICAPP ညီလာခံကို တက်ရောက်သည့် ကြံ့ဖွံ့ပါတီ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့်တွေ့ဆုံ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ICAPP ညီလာခံကို တက်ရောက်သည့် ကြံ့ဖွံ့ပါတီ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့်တွေ့ဆုံ

ကမ္ဘောဒီးယားပြည်သူ့ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် International Conference of Asia Political Parties (ICAPP)၏ (၁၂)ကြိမ်မြောက်ညီလာခံကို တက်ရောက်သည့် ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့တွေ့ဆုံကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ICAPP ၏ (၁၂)ကြိမ်မြောက် ညီလာခံကို ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိအာဏာရ ပါတီဖြစ်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီက ကြံ့ဖွံ့ပါတီနှင့် ရုရှားနိုင်ငံမှ ယူနိုက်တက်ရုရှားပါတီတို့ကို တက်ရောက်စေခဲ့ခြင်းဖြစ်သည်။

ညီလာခံအတွင်းတွင်ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းရှာဖွေခြင်းကို ဗဟိုပြုပြုဆွေးနွေးပြီး ယဉ်ကျေးမှုကဏ္ဍ၊ ဒီဂျစ်တယ်မီဒီယာကဏ္ဍ၊ သတင်းတုတိုက်ဖျက်ရေးကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကြံ့ဖွံပါတီဥက္ကဌ ဦးခင်ရီသည် CPP ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်နှင့်လည်း နိုဝင်ဘာလ (၂၂)ရက်နေ့တွင် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပါတီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးသည်ဟု သိရသည်။

၎င်းညီလာခံတွင် (၃၉)နိုင်ငံရှိ နိုင်ငံရေးပါတီ (၅၉)ပါတီ၊ ICAPP၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP – Cambodian People’s Party)နှင့် အခြားနိုင်ငံများမှ လေ့လာသူများအပါအဝင် (၃၀၀)ဦးကျော် တက်ရောက်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့သည့် တရုတ်နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့် စစ်ခေါင်းဆောင်တို့ သီးခြားတွေ့ဆုံခဲ့ကြသေးသည်။

#TachileikNewsAgency

Photo:USDP News