ဖျာပုံအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အကျဉ်းသား(၁၇)ဦး ဒဏ်ရာရ

ဖျာပုံအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အကျဉ်းသား(၁၇)ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အကျဉ်းထောင်အတွင်း ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ (၃၁)ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် (၁၇)ဦးဒဏ်ရာရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းက ဖျာပုံအကျဉ်းထောင်အတွင်း ပစ်ခတ်သံများကြားရပြီးနောက် အကျဉ်းထောင်အတွင်းသို့ စစ်ကောင်စီကားများဝင်ရောက်သွားပြီး ပစ်ခတ်ဖြိုခွင်းမှုအတွင်း နိုင်ငံရေးအကျဥ်းသားများ အပါအဝင် အကျဉ်းသား(၁၇)ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

အကျဉ်းသားများနှင့် အကျဉ်းဦးစီးဝန်ထမ်းများအကြား ပဋိပက္ခဖြစ်ရာက အကျဉ်းသားများမှ ထောင်ဝန်ထမ်းများအား ခိုက်ရန်ဖြစ်ပွားစေရန်လုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အကျဉ်းသားများမှ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး တောင်းဆိုမှုကို ထောင်ဝန်ထမ်းများဘက်က မပေးသဖြင့် တောင်းဆိုရာက ပစ်ခတ်မှုဖြစ်သည်ဟုလည်း ကနဦးသတင်း သိရသည်။

ယနေ့ ဧပြီလ(၁)ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူများအတွက် ပေးပို့သည့်ပါဆယ်များကို လက်ခံခြင်းမရှိကြောင်း၊ စစ်ကောင်စီတပ်သားများ ဖျာပုံအကျဉ်းထောင်အတွင်း ရှိနေဆဲဖြစ်ကာ နိုင်ငံရေးအကျဉ်းသားများကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency