တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီအခြေချစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ (၅)ရက်နေ့ကစတင်ပြီး နိုဝင်ဘာလ (၁၁)ရက်နေ့အထိ ကျောက်နီမော်ကျေးရွာအောက်ပိုင်း အောက်ကျောက်ဝပ် ၊ ညောပြင်ကျေးရွာများသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာစဥ် ၄င်းတို့၏ အခြေချစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးနေစဥ် နိုဝင်ဘာလ (၆)ရက်နေ့တွင် မိုက်ခရိုဝိတ်တာဝါတိုင်စခန်းသို့လည်းကောင်း ၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စစ်ကြောင်းထိုးရာမှပြန်ရောက်လာပြီး အနားယူနေသည့် စစ်ကောင်စီတပ်သားများ စခန်းချရာ စီမံကိန်းရုံသို့ လည်ကောင်း အသီးသီး ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့